အသက်အရွယ်ကြောင့် မဟုတ်ဘဲ မှတ်ဉာဏ် လျော့ပါးလာမှုနဲ့ အာရုံစူးစိုက်မှု အားနည်းလာခြင်းတို့ဟာ အခုနောက်ပိုင်း လူငယ် လူရွယ်တွေ အများစုမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခု ဖြစ်လာပါတယ်။
လူငယ် လူရွယ်တွေကြားမှာ ဘာကြောင့် မှတ်ဉာဏ် လျော့ပါးလာမှုနဲ့ အာရုံစူးစိုက်မှု အားနည်းလာခြင်း ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုက်ခဲနာကျင်မှုတွေ ဖြစ်တဲ့အခါ အလွယ်တကူ ဝယ်ယူ သောက်သုံးလိုက်တဲ့ အကိုက်အခဲ ပျောက်ဆေး အများစုကို မကြာခဏ ဆိုသလို သောက်သုံးခြင်းဟာ မှတ်ဉာဏ် ချို့ယွင်းမှုကို ဖြစ်စေပြီး အာရုံစူးစိုက်မှုကို အားနည်းစေပါတယ်။
(၂) လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ ဦးနှောက်တွင်းက Dopamin ဟော်မုန်းပမာဏကို လျော့ကျ စေတာကြောင့် စိတ်မတည်မငြိမ်ဖြစ်ခြင်း အပါအဝင် ရေရှည်မှာ အာရုံ စူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို လျော့ကျစေနိုင်ပါတယ်။
(၃) ဆေးလိပ်သောက်ခြင်းဟာ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်က ဦးနှောက်ကို ကျုံ့စေပြီး မှတ်ဉာဏ်နဲ့ ဆင်ခြင် စဉ်းစားမှုစွမ်းရည်ကို လျော့ကျစေပြီး ရေရှည်မှာ အယ်လ်ဇိုင်းမား ရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။
(၄) မနက်စာ မစားခြင်းဟာလည်း မှတ်ဉာဏ် လျော့ကျစေတဲ့ အကြောင်းအရင်းတခုပဲ ဖြစ်ပါတယ်။ မနက်စာ မစားခြင်းကြောင့် သွေးတွင်း သကြားဓာတ်ကို နိမ့်ကျစေပြီး ဦးနှောက်ရဲ့ စွမ်းရည်တွေကိုပါ နိမ့်ကျစေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းနဲ့ အသုံးပြုနိုင်စွမ်းတွေကိုလည်း လျော့ကျစေပါတယ်။
(၅) နေမကောင်း ဖြစ်နေတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်ကိုသာမက ဦးနှောက်ကိုပါ အနားပေးဖို့ လိုအပ်ပါတယ်။ နေမကောင်း ဖြစ်နေချိန်မှာ ဦးနှောက်ကိုအသုံးပြုရတဲ့ အလုပ်တွေ ပြင်းပြင်းထန်ထန် လုပ်တာမျိုးနဲ့ စာရေး စာဖတ်လုပ်တာတွေဟာ ဦးနှောက်ကို ထိခိုက်စေပြီး အာရုံစူးစိုက်မှု စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
Ref ; www.healthline.com