ယောဂကျင့်ခြင်းဟာ လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာ ကတည်းက အိန္ဒိယမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေဖို့နဲ့ စိတ်ငြိမ်းချမ်းမှုအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေနိုင်တဲ့အပြင် တခြားသော အကျိုးကျေးဇူးများစွာ ရှိပါတယ်။
ဒါကြောင့်မို့လို့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ အလှအပအတွက် ကောင်းကျိုးများစွာ ရှိတဲ့ ယောဂကို ဘာကြောင့် ပုံမှန်ကျင့်သင့်တယ်ဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။
(၁) ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်တွင်းက Cortisol ဟော်မုန်းထွက်ခြင်းကို လျှော့ချ ပေးနိုင်တာကြောင့် သွေးဖိအား များခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းခြင်းတွေကို ပျောက်ကင်း သက်သာစေနိုင်ပါတယ်။
(၂) အမေရိကန် စိတ်ပညာအဖွဲ့အစည်းရဲ့ လေ့လာချက်တွေအရ ယောဂကျင့်ခြင်းဟာ စိတ်သက်သာမှုကို ဖြစ်စေပြီး စိတ်ကိုအနားရစေတာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချ ပေးနိုင်တယ်လို့ ဆိုပါတယ်။ တနေ့ကို မိနစ် ၂၀ ခန့် ယောဂကျင့် ပေးခြင်းအားဖြင့် ဦးနှောက်နဲ့ အာရုံကြော ရောဂါတွေ ဖြစ်ပွားခြင်းကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၃) ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နှိပ်နယ်ပေးသလိုဖြစ်တာကြောင့် ကြွက်သားတွေကို ပိုမိုသန်မာ စေပြီး ကိုယ်ခံအားစနစ်ကိုလည်း သိသိသာသာ ကောင်းမွန်လာစေ နိုင်ပါတယ်။
(၄) စိုးရိမ်ပူပန်မှု များတတ်သူတွေနဲ့ ဒေါသထွက်လွယ်သူတွေ ယောဂလေ့ကျင့်ခန်း ပုံမှန်ပြုလုပ် ပေးတဲ့အခါ လူမှုဆက်ဆံ ရေးနယ်ပယ်မှာ ခါတိုင်းထက်ပိုပြီး ပျော်ရွှင်လာကြပြီး စိုးရိမ် ကြောင့်ကြမှုတွေ နည်းလာတာကို တွေ့ရှိရပါတယ်။
(၅) ယောဂကျင့်ခြင်းဟာ အာရုံစူးစိုက်မှုကို အားကောင်းစေတာကြောင့် အစားအစာတွေကို သတိ လက်လွတ် အလွန်အကဲ စားသောက်မိခြင်းကနေ ထိန်းချုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းလိုသူတွေအနေနဲ့ ယောဂကို ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် ရလဒ်ကောင်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref ; lifehack.org