ညဘက် ပူအိုက်တဲ့အချိန်ဆို အိပ်ခန်းထဲ တညလုံး ပန်ကာဖွင့်အိပ်တတ်တယ်ဆိုရင် သတိပြုသင့်ပါတယ်။ အိပ်တဲ့အခါ ပူအိုက်ပြီး ချွေးစေးထွက်နေရင် ကောင်းကောင်းအိပ်မပျော်တတ်ဘူးဆိုပေမယ့် ပန်ကာဖွင့်အိပ်တာ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။
အခန်းတွင်း ၁၆နဲ့ ၁၈ ဒီဂရီ Celsius က အိပ်စက်ဖို့ အကောင်းဆုံးအပူချိန်ပါ။ အပြင်မှာ ရာသီဥတုပူတဲ့အချိန်ဆို တနေကုန် အပူရှိန်ကို စုပ်ယူထားလို့ အပူဒဏ်ကို အံတုနိုင်အောင် တညလုံး ပန်ကာဖွင့်အိပ်တဲ့သူတွေလည်းရှိပါတယ်။
ဒါဆို တညလုံး ပန်ကာဖွင့်အိပ်ရင် ကျန်းမာရေးကို ဘယ်လိုဆိုးဆိုးဝါးဝါး ထိခိုက်စေတာပါလဲ။ ပန်းနာရင်ကြပ်ရှိသူတွေ၊ ဓာတ်မတည့်သူတွေ၊ မျက်ရည်ခန်းခြောက်လွယ်သူတွေဆို ရောဂါပိုဆိုးစေပါတယ်။ ရောဂါမရှိသူတွေလည်း ပန်ကာဖွင့် အိပ်ပါများလာရင် အဆိုပါရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ပန်ကာလေတွေကြောင့် အခန်းထဲက အမှုန်အမွှားတွေ လွှင့်နေပြီး အိပ်တဲ့သူရဲ့ အသက်ရှုလမ်းကြောင်းထဲဝင်ပြီး ရောဂါတွေဖြစ်လာရတာပဲဖြစ်ပါတယ်။ အိပ်စက်ချိန်ပေါ်မူတည်ပြီး ဥပမာ- အိပ်ချိန် ၈ နာရီကြာ အိပ်ခဲ့တဲ့သူဟာ ၈ နာရီလုံးလုံး ဒီအမှုန်အမွှားတွေကို ရှုနေရမှာပါ။
ကောင်းမွန်စွာအိပ်စက်နိုင်အောင် အကြံပေးသူ မတ်ခ်က တချို့သူတွေက ညဘက် အေးအေးလူလူအိပ်နိုင်အောင် အိပ်ခန်းထဲ ပန်ကာတွေဖွင့်ပြီးအိပ်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်ဆိုပေမယ့် တချို့ကျတော့လည်း ဒီပန်ကာလေကြောင့် အိပ်တာကို ပိုတောင်အနှောင့်အယှက်ဖြစ်စေပါတယ်လို့ ပြောထားပါတယ်။
ပိုဆိုးရင် ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ခြင်းနဲ့ မျက်ရည်ခန်းခြောက်တဲ့ရောဂါတွေ ဖြစ်ကြသလို အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ၊ လည်ချောင်းနာခြင်းတွေလည်း ခံစားရပါတယ်။ ပန်ကာလေ ခံရပါများလာရင် အသားရေခြောက်သွေ့ ပြီး ယားယံလာရာက ဖုန်မှုန့်တွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ဖြစ်လာရတာပါ။
လေအေးတွေက လူတယောက်ရဲ့ ကြွက်သားတွေကို တောင့်တင်းစေနိုင်လို့ အိပ်ရာထတဲ့အခါ ကြွက်တက်တာမျိုး ဒီထက်ပိုဆိုးရင် လေဖြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဒီလိုဆိုးကျိုးတွေဖြစ်စေတဲ့ အကျိုးဆက်တွေကြောင့် ဖြစ်နိုင်ရင် ညဘက်အိပ်ခန်းထဲ ပန်ကာဖွင့်မအိပ်သင့်ပါဘူး။
ညအိပ်တဲ့အခါ အိပ်ခန်းဝန်းကျင် အေးမြနေအောင် နေ့ခင်းဘက် အပူချိန်တိုက်ရိုက်မရောက်အောင် နေကာတပ်ထား တာမျိုး၊ အိပ်ခန်းပြတင်းပေါက်ကို လိုက်ကာအရောင်ဖျော့တွေ တပ်ထားတာမျိုး လုပ်ထားပါ။
ရေအေးအေးနဲ့ ရေချိုးတာ၊ ရေအေးသောက်တာက သင့်ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေပါတယ်။ ညအိပ်ခါနီး ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ အရက်မသောက်သင့်ပါဘူး။
အိပ်တဲ့အခါ ခန္ဓာကိုယ်အေးမြစေမယ့် ချည်သားအင်္ကျီပွပွ ဝတ်အိပ်ပါ။ မနက်ဘက်ကို ဖြစ်နိုင်ရင် နေရောင်ထဲ အချိန်ကြာကြာ မထွက်ပါနဲ့လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
Ref: Daily Mail