မိန်းကလေးတွေရဲ့ အလှဟာ မျက်နှာတခုတည်း ပြီးပြည့်စုံနေလို့ မရပါဘူး။ တကိုယ်ရေ ကျန်းမာသန့်ရှင်းရေးကို ဂရုစိုက်ပြီး သပ်သပ်ရပ်ရပ်နေလေ့ရှိတဲ့ အမျိုးသမီးတွေက ကိုယ့်ရဲ့လက်ဖဝါးအလှကိုပါ ထိန်းသိမ်းတတ်ကြပါတယ်။
ပန်းကန်ဆေး၊ ကွန်ပျူတာသုံးတာက အစရှိလို့ အလုပ်တော်တော်များများကိုလည်း လက်နဲ့ပဲလုပ်ဆောင်နေကြရတာ မဟုတ်လား။ ဒီလိုအလုပ်မျိုးစုံအတွက် အသုံးချရတဲ့ လက်ကလေး နူးညံ့ပြီး လှပနေစေဖို့ အလွယ်တကူလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ မျှဝေပေးပါမယ်။
အဆင့် (၁) သကြားမရောရသေးတဲ့ နွားနို့ခွက်ထဲကို ဂွမ်းစလေးတွေစိမ်ထားပါ။ ပြီးရင်တော့ ဂွမ်းစနဲ့ လက်ဖဝါးလေးကို သေချာလိမ်းပြီး ၅ မိနစ်ခန့်ထားပါ။
အဆင့် (၂) ငှက်ပျောသီးကိုအခွံနွှာပြီး အစိတ်လေးတွေဖြစ်အောင်စိတ်ပါ။ ပြီးရင် Blender ထဲ ထည့်မွှေပါ။ ရလာတဲ့ ငှက်ပျောသီးအနှစ် ၁ ဇွန်းနဲ့ ပျားရည် ၁ ဇွန်းရောပါ။ ပြီးရင်တော့ လက်မှာသေချာလိမ်းပြီး ၁၀ မိနစ်ခန့်ထားပါ။
ငှက်ပျောသီးက သဘာဝအစိုဓာတ်ကိုမြင့်မားစေတဲ့အတွက် သင့်လက်ကခြောက်သွေ့နေတာမျိုး၊ အရေးကြောင်းဖြစ်နေတာ မျိုးကို လျော့ပါးစေပါတယ်။ ဒါ့အပြင် ပျားရည်ကလည်း ခြောက်သွေ့ပြီး အထိအခိုက်မခံတဲ့အရေပြားအတွက် သင့်လျော် သလို အသားအရေကို ချောမွေ့စေပါတယ်။
အဆင့် (၃) သဘာဝအုန်းဆီစစ်စစ်ကို ညအိပ်ရာမဝင်ခင်လက်မှာလိမ်းပေးပါ။ လက်ကို ၅ မိနစ်ခန့်စက်ဝိုင်းပုံစံ နှိပ်နယ်ပေးနိုင်ပါတယ်။ ပိုပြီးထိရောက်ချင်တယ်ဆိုရင်တော့ လက်အိပ်လေးစွပ်ထားပေးပါ။ အုန်းဆီက ကြမ်းတမ်းတဲ့အသားအရေအတွက် ထိရောက်မှုအများကြီးရှိပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးတဲ့အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။
ကဲ..ဒီလိုမျိုးလေးသာ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ သင့်လက်ဖဝါးလေးဟာ နူးညံ့ချောမွတ်ပြီး လူတိုင်းကို လက်ကမ်းပေးဖို့ ရှက်နေစရာမလိုတော့ပါဘူး။