ဆံကေသာကောင်းခြင်းဟာလည်း အမျိုးသမီးတွေအတွက် ကောင်းခြင်းထဲကတခုပါ။ ဒီလိုမှမဟုတ်ဘဲ ဆံပင်တွေပါးပြီး ကျွတ်နေမယ်ဆိုရင်တော့ မကြာခင်မှာပဲထိပ်ပြောင်လာတော့မှာပါ။
ဆံပင်ပါးထိပ်ပြောင်ရတာဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တတ်သလို အသက်ကြီးလာခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ ကိုယ်အလေးချိန်လျှော့ချမှုကြောင့် အာဟာရဓာတ်မညီမျှခြင်းနဲ့ ဆေးဝါးကုသမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် ထူထဲနက်မှောင်တဲ့ဆံကေသာကို ပိုင်ဆိုင်ပြီး ဆံပင်ကျွတ်တာတွေသက်သာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။
ကြက်ဆူဆီ
ကြက်ဆူဆီကဆံသားတွေကို သန်စေတဲ့အစွမ်းရှိပါတယ်။ လိုအပ်တာက ကြက်ဆူဆီ ၂ဇွန်း၊ ၃ ဇွန်းလောက်ကို ဦးရေပြားမှာလိမ်းပြီး တညအိပ်ရုံပါပဲ။
အုန်းဆီ
အုန်းဆီ ၃ ဇွန်းစာကိုလိမ်းပြီး ဦးရေပြားကိုသေချာနှိပ်နယ်ပေးပါ။ ၅ နာရီကြာတဲ့အခါ ခေါင်းလျှော်လို့ရသလို ညဘက်လိမ်းအိပ်လည်း ရပါတယ်။ အုန်းဆီက အင်တီအောက်ဆီးဒင့်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ဗောက် ထခြင်းကိုသက်သာစေပါတယ်။ ဆံချည်မျှင်တွေ ပြင်ပဒဏ်ကြောင့်ပျက်စီးတာကိုလည်း ကာကွယ်ပါတယ်။ အပေါ်ကနည်းလမ်းတွေအတိုင်း သံလွင်ဆီ၊ ပူစီနံဆီ၊ လက်ဖက်စိမ်းဆီ စတာတွေနဲ့ စမ်းကြည့်ုလို့ရပါတယ်။
ပန်းသီးရှာလကာရည်
ပန်းသီရှာလကာရည် ၂ ဇွန်းနဲ့ ရေ ၁ခွက်ကိုရောပါ။ ခေါင်းလျှော်ပြီးစဆံသားကို ပန်းသီးရှာလကာဖျော်ရည်နဲ့ ၂ မိနစ်ခန့်နှိပ်နယ်ပေးပါ။ ပြီးရင်တော့ရေဆေးချပါ။ ပန်းသီးရှာလကာရည်က ဆံသားကြီးထွားမှုကို အဟန့်အတား ဖြစ်စေတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။
ရှားစောင်းလက်ပတ်
လိုအပ်တာက သဘာဝရှားစောင်းလက်ပတ်စစ်စစ်ကို ဦးရေပြားမှာလိမ်းပြီးနှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေဆေးချရမှာ ဖြစ်ပါတယ်။ တပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်လို့ရပါတယ်။ ရှားစောင်းက အစိုဓာတ်ကို ပြည့်ဝစေတာကြောင့် ဆံသားခြောက်သွေ့ခြင်းကနေ ကင်းဝေးစေပါတယ်။
ဂျင်း
ဂျင်းလက် ၂ ဆစ် (သို့) ၃ ဆစ်နဲ့ သံလွင်ဆီ ၂ ဇွန်း လိုအပ်ပါတယ်။ ဂျင်းကို ပါးပါးခြစ်ပြီး ဆီထဲမှာ စိမ်ပါ။ ဂျင်းအဖတ်တွေနဲ့ ဆီတွေရောထားတဲ့အရောအနှောကို ဦးခေါင်းမှာ ၃ မိနစ်ခန့်နှိပ်နယ်ပါ။ နာရီဝက်ကြာတဲ့အခါ ရှန်ပူသုံးပြီးဆေးကြောနိုင်ပါတယ်။ ဂျင်းက ဗောက်ထတာကိုသက်သာစေပြီး ဆံပင်တွေပြန်လည်သန်မာစေပါတယ်။