အိပ်စက်ချိန်နည်းလွန်းတာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေနိုင်သလို များလွန်းရင်လည်း မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆေးပညာရှင်တွေက လူတယောက်ရဲ့ တနေ့တာအိပ်စက်ချိန်ကို ၇ နာရီနဲ့ ၈ နာရီကြား သတ်မှတ်ထားပြီး ဒီထက် ပိုကျော်လွန်သွားရင်တော့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အိပ်ချိန်များလွန်းခြင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေများတယ်လို့ သုတေသနလေ့လာချက်တွေအရ သိရပါတယ်။ အိပ်ချိန် ၉ နာရီကနေ ၁၀ နာရီ အထိရှိသူတွေဟာ နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ လေဖြတ်နိုင်ခြေ ၄၆ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ချီကာဂိုဆေးတက္ကသိုလ်က ဆေးသုတေသန ပညာရှင်တွေက ဆိုထားပါတယ်။
(၂) သုတေသနလေ့လာချက်တွေအရ အိပ်စက်ချိန်များလွန်းခြင်းဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို မြင့်တက်စေပြီး တနေ့မှာ အိပ်ချိန် ၉ နာရီခန့်ရှိသူတွေဟာ အရွယ် မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၅ ရာခိုင်နှုန်းအထိမြင့်တက်စေနိုင်ပါတယ်။ အိပ်ချိန် ၁၀ နာရီနဲ့ အထက် ရှိသူတွေမှာတော့ အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။
(၃) အိပ်ချိန်များလွန်းခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပြီး အဝလွန်ရာကနေ တဆင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ဝေဒနာရှင်တွေ အနေနဲ့ တနေ့ကို အိပ်ချိန် ၈ နာရီနဲ့အထက် အိပ်စက်ခြင်းဟာ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုတက်စေနိုင်ပါတယ်။
(၄) အိပ်စက်ချိန်များလွန်းတာဟာ အာရုံကြောတွေကို လေးလံထိုင်းမှိုင်းစေတာကြောင့် ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ ဒါ့အပြင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေများတဲ့ အချက်အလက်တွေထဲမှာ အိပ်စက်ချိန်များခြင်းဟာ တခုအပါအဝင်ပဲ ဖြစ်ပြီး Dopamine နဲ့ Serotonin ထွက်ရှိခြင်းကို မြင့်တက်စေတာကြောင့် စိတ်ကျရောဂါဖြစ်နိုင်ခြေ အလားအလာကို မြင့်တက်စေပါတယ်။
(၅) အိပ်ချိန်များလွန်းသူတွေဟာ သာမန်ထက် ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှု ပြသနာတွေ ပိုမိုခံစားရလေ့ရှိပြီး ခန္ဓာကိုယ် နောက်ကျောပိုင်းနဲ့ ပက်သက်လို့ ပိုမိုနာကျင်ကိုက်ခဲတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဖော်ထုတ်ပြောဆိုခဲ့ကြပါတယ်။ ဒီသုတေသနလေ့လာချက်ဟာဆိုရင် ကမ္ဘာတဝှမ်းက လူဦးရေ ၃ သန်းကျော်လောက်ကို စစ်တမ်းကောက်ယူပြီးမှ ဖော်ထုတ်ခဲ့တဲ့ သုတေသနလေ့လာချက်လည်း ဖြစ်ပါတယ်။
Ref : www.rd.com