အိပ်စက်ခြင်းဟာ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး လူအများစု မသိကြသေးတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။
(၁) လူသားအားလုံးဟာ ဘဝရဲ့သုံးပုံတပုံခန့်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးရလေ့ရှိပြီး ဒါဟာ သက်သက်အချိန်ဖြုန်းတာ တခုတော့ မဟုတ်ပါဘူး။
အိပ်စက်နေတဲ့အချိန် အတောအတွင်းမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မုန်းတွေဟာ ထွက်ရှိသလို ဆဲလ်တွေဟာလည်း အသစ်အသစ်သော ပြောင်းလဲမှုတွေကို လုပ်ဆောင်ရင်း ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေကြတာပဲ ဖြစ်ပါတယ်။
(၂) ပျမ်းမျှအားဖြင့် လူတယောက်ဟာ တနေ့ကို အိပ်စက်ချိန် ၈ နာရီခန့်လိုတယ်ဆိုတာဟာ လက်တွေ့ကျတဲ့ စမ်းသပ်မှုအဖြေတခုတော့ မဟုတ်ပါဘူး။
လူတိုင်းဟာ တယောက်နဲ့တယောက် အိပ်စက်မှုအချိန်လိုအပ်ချက်တွေဟာ မတူညီကြပါဘူး။ မွေးကင်းစကလေးငယ် လေးတွေဟာ တရက်မှာ ၁၆ နာရီခန့် အိပ်စက်ဖို့လိုအပ်ပြီး ၃ နှစ်ကနေ ၁၈ နှစ်အရွယ်ကြားတွေကတော့ တရက်မှာ ၁၀ နာရီခန့် အိပ်စက်ဖို့ လိုအပ်ပါတယ်။
၁၉ နှစ်ကနေ ၅၅ နှစ်ကြား အသက်အရွယ်တွေကတော့ တနေ့မှာ အိပ်ချိန် ၈ နာရီခန့်လိုအပ်ပြီး အသက် ၆၅ နှစ်နဲ့အထက်တွေကတော့ အိပ်ချိန် ၆ နာရီခန့် လိုအပ်ပါတယ်။
(၃) အိပ်မက်မက်တာဟာ REM အဆင့်မှာပဲ အိပ်မက်မက်တာတော့ မဟုတ်ပါဘူး။ အိပ်စက်မှုရဲ့အဆင့်တိုင်းမှာ အိပ်မက်မက်လေ့ရှိပြီး လုံးဝအိပ်ပျော်သွားတဲ့ REM အဆင့်မှာတော့ အိပ်မက်မက်ဖို့ ဖြစ်နိုင်ခြေပိုများတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လေ့လာချက်တွေအရ လူတွေဟာ Colour တီဗီတွေ မပေါ်ခင်ခေတ်က အိပ်မက်မက်တဲ့အခါ အဖြူနဲ့အမည်း တွေကိုသာ မက်လေ့ရှိတယ်လို့ သိရပါတယ်။ အမြင်အာရုံချို့ယွင်းနေတဲ့သူတွေဟာလည်း အိပ်မက်တွေကို အရောင်အသွေးစုံစုံလင်လင်နဲ့ မက်နိုင်တယ်လို့လည်း လေ့လာချက်တွေအရ သိရပါတယ်။
(၄) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဦးနှောက်စွမ်းရည်ကို ပိုမိုသုံးစွဲရတာကြောင့် အမျိုးသားတွေထက် ပိုမိုအိပ်စက်သင့်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ဒါ့အပြင် နေ့လည်နေ့ခင်း တရေးတမော အိပ်စက် ပေးခြင်းဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေတာကြောင့် အနည်းဆုံးနာရီဝက်ခန့် အိပ်စက် ပေးသင့်ပါတယ်။
(၅) လေ့လာမှုတခုအရ Parasomnia ဆိုတဲ့ အိပ်စက်ခြင်းအဆင့်မှာ လူတွေဟာ အိပ်ပျော်နေရင်း လမ်းလျှောက်တာမျိုး၊ အစားအသောက်တွေထစားတာမျိုးနဲ့ တချို့တွေမှာဆိုရင် ရာဇဝတ်မှုတွေကျူးလွန်တဲ့ အထိပါ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတခုမှာတော့ လူတွေဟာ မအိပ်ဘဲ ၁၀ ရက်ခန့်သာ အသက်ရှင်နိုင်တယ်လို့လည်း သိရပါတယ်။
Ref. www.wonderslist.com