မိန်းကလေးတယောက်အတွက် ရာသီလာတယ်ဆိုတာ လစဉ်ပုံမှန် ဖြစ်စဉ်တခုပါ။ အမျိုးသမီး တဦးဟာ သူ့ဘဝ တသက်တာ အနည်းဆုံး အကြိမ် ၄၅၀ လောက် ရာသီလာခြင်းကို ခံစားရပါတယ်။
ရာသီ မလာခင်နဲ့ လာနေစဉ် အချိန်တွင်းမှာ ခံစားရတဲ့ဝေဒနာ အတိမ်အနက်က တယောက်နဲ့ တယောက် မတူပါဘူး။ ဒီလိုအချိန်မှာ သူများထက် ပိုခံစားရတဲ့သူဆိုရင် ဝေဒနာကို သက်သာစေမယ့် အစားအစာတွေ သေချာစားပြီး အနေအထိုင် ဆင်ခြင်ဖို့ လိုပါတယ်။
ရာသီလာစဉ် မိန်းမသားတို့မှာရှိသင့်တဲ့ မိန်းမဟော်မုန်းပမာဏ အနည်းဆုံးဖြစ်သွားလို့ သေချာ အနားယူပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းတဲ့အချိန်ဖြစ်လို့ တတ်နိုင်သမျှ အားပြည့်စေမယ့် အစားအစာတွေ စားပေးပါ။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေမှာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
ပဲအမျိုးမျိုးဟာ အမျှင်ဓာတ်များလို့ ရာသီလာစဉ် ကြွက်သားအားနည်းခြင်းကြောင့်ဖြစ်တတ်တဲ့ ကြွက်တက်ခြင်း နဲ့ အစာမကြေခြင်းကို သက်သာစေပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်တွေက ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းကိုပါ ပျောက်ကင်းသက်သာစေတာပါ။
နောက်ထပ်စားသင့်တဲ့ အစားအစာကတော့ ပဲသီးအနွယ်ဝင် တမျိုးဖြစ်တဲ့ ဘိုစားပဲတောင့် (legumes) ပါ။ ဗီတာမင်ဘီ ကွန်းပလက်ဇ်တွေ အများဆုံးပါဝင်လို့ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်ဓာတ်တွေက ရာသီလာစဉ် နာကျင် ကိုက်ခဲခြင်းဝေဒနာကို သက်သာစေပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာတွေကို သက်သာစေတဲ့ နောက်ထပ်တမျိုးက အိုမီဂါ-၃ အများဆုံးပါတဲ့ ဆော်လ်မွန်ငါး၊ နှမ်းကြတ်စေ့ (flax seeds) နဲ့ တခြားအစေ့အဆန်တွေစားရင် သက်သာတယ်လို့ ၁၉၉၅ ခုနှစ် က ထုတ်ဝေခဲ့တဲ့ European Journal of Clinical ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အိုမီဂါ-၃ ပါတဲ့အစားအစာတွေကို ပုံမှန်စားတဲ့ အမျိုးသမီးတွေဟာ တခြားသူတွေထက် ရာသီလာစဉ် ခံစားရတဲ့ ဝေဒနာတွေ လျော့နည်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
အစားအသောက်တွေ ဆင်ခြင်စားတဲ့ကြားက မသက်သာဘူးဆိုရင် ရေခပ်နွေးနွေးထည့်ထားတဲ့ ရေနွေးအိတ်၊ မရှိရင်လည်း ပုလင်းတလုံးထဲကို ရေနွေးထည့်ပြီး တဘက်ပတ်ပြီး ဝမ်းဗိုက်တဝိုက်မှာ ကပ်ထားပေးပါ။ ရေနွေး အိတ်ကပ်နေစဉ် ခန္ဓာကိုယ်ကို လဲလျောင်းထားပြီး ခြေထောက် နှစ်ချောင်းကိုတော့ နံရံပေါ် ထောင်မတ်ထားပါ။
ဒါ့အပြင် နောက်ထပ် ဆင်ခြင်ရမယ့် အပြုအမူတွေလည်း ရှိပါတယ်။ ဥပမာ – အဆီများတဲ့ ရယ်ဒီမိတ် အစားအစာတွေ အလွန်အကျွံစားတာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွှေးမျှင်တွေ ဖယ်ရှားသန့်စင်တာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ pad တခုကို ၄ နာရီထက် ပိုအသုံးပြုတာ၊ ညလုံးပေါက် အနားမယူဘဲ အလုပ်တွေ လုပ်နေတာ၊ ကဖင်းဓာတ်ပါတဲ့ အရည်တွေ အလွန်အကျွံသောက်တာနဲ့ ဆေးလိပ်သောက်ခြင်း စတာတွေက ရာသီလာစဉ် ခံစားရတဲ့ဝေဒနာတွေကို ဆိုးရွားစေလို့ ဆင်ခြင်သင့်ပါတယ်။
Ref: Super Jennie