ငါးကြီးဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ဆေးပညာနဲ့ ပတ်သက်တဲ့ ကဏ္ဍ တော်တော်များများမှာ ဖော်ပြလေ့ရှိလို့ သိကြမှာပါ။ ဒါပေမယ့် အခုနောက်ဆုံး ထွက်ရှိလာတဲ့ လေ့လာချက် တစောင်မှာတော့ ငါးကြီးဆီဟာ ဆီးချိုသမားတွေအတွက် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို မကာကွယ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။
အိုမီ ဂါ-၃ ပါဝင်တဲ့ ငါးကြီးဆီဟာ နှလုံးရောဂါနဲ့ ကိုလက်စထရောလျော့ချပေးတဲ့အပြင် တခြား ရောဂါတော်တော်များများကို ကာကွယ်ပေးတယ်လို့ သိထားပေမယ့် ဆီးချိုသမားတွေမှာတော့ ထိရောက်မှု မရှိပါဘူး။
ဗြိတိန်မှာ လေ့လာခဲ့တဲ့ စစ်တမ်းမှာ ဆီးချိုရောဂါသည် ၁ သောင်းခွဲလောက်ကို ၇ နှစ်ကျော် လေ့လာအပြီးမှာ ငါးကြီးဆီဟာ နှလုံးရောဂါအတွက် ထိရောက်မှု မရှိဘူးလို့ နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။
ဆီးချိုရောဂါသည် ၁ သောင်းခွဲထဲက တဝက်ကို နေ့စဉ် အိုမီဂါ-၃ ငါးကြီးဆီပေးပြီး ကျန်တဲ့ တဝက်ကိုတော့ သံလွင်ဆီ ပါတဲ့ placebo ဆေး တိုက်ကျွေးကြည့်တဲ့အခါ အခုလို ရလဒ် တွေ့ရှိခဲ့ကြတာပါ။ စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူနာတွေကို ဘယ်လို အားဆေးပေးနေတယ်ဆိုတာ မပြောဘဲ လျှို့ဝှက်ထားခဲ့ပါတယ်။
၇ နှစ်ကြာလေ့လာအပြီးမှာ နေ့စဉ် ငါးကြီးဆီတိုက်တဲ့ လူဦးရေရဲ့ ၈ ဒဿမ ၉ ရာခိုင်နှုန်းလောက်က လေဖြတ်နဲ့ နှလုံးရောဂါ ခံစားရပြီး တခြားတဘက်မှာလည်း placebo ဆေးတိုက်ထားတဲ့ လူနာရဲ့ ၉ ဒဿမ ၂ ရာခိုင်နှုန်းလည်း ဒီရောဂါတွေ ခံစားရတာမို့ ကွာခြားချက် မရှိတာကို တွေ့ရပါတယ်။
“ကျနော်တို့ရဲ့ အကြီးဆုံးနဲ့ အချိန်အကြာဆုံး လေ့လာတွေ့ရှိချက်အပြီးမှာတော့ ငါးကြီးဆီက ဆီးချိုသမားတွေ အတွက် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ဘူးဆိုတာ တွေ့ခဲ့ရတယ်” လို့ စမ်းသပ်ချက်မှာ ဦး ဆောင်ပါဝင်ခဲ့တဲ့ အောက်စဖို့ဒ် တက္ကသိုလ်မှ လူးဝစ်ဘိုးမန်းက ဆိုပါတယ်။
“ငါးကြီးဆီက အရင်တုန်းက စမ်းသပ်ချက်တချို့မှာလည်း နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါအတွက် ထိရောက်မှု မရှိဘူးဆိုတာ သိခဲ့ပြီးပေမယ့် ဒီတကြိမ် တွေ့ရှိချက်ကြောင့် ပိုစိတ်ပျက်ရပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ ရောဂါ တွေကာကွယ်ဖို့ ငါးကြီးဆီကို ကျေနပ်လောက်တဲ့ ထောက်ခံချက် ပေးစရာမရှိ ဖြစ်နေတယ်” လို့ ဆိုပါတယ်။
ဇန်နဝါရီလက လူပေါင်း ၇ သောင်း ၈ ထောင်ကျော်ပါဝင်ခဲ့တဲ့ အမေရိကန် ကျန်းမာရေအဖွဲ့အကြီးရဲ့ လေ့လာချက် ၁၀ ခုရဲ့ ရလဒ်မှာလည်း ငါးကြီးဆီက နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အချက်ကို မတွေ့ခဲ့ရဘူးလို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
တခြားလေ့လာသူတွေကတော့ ငါးစားသုံးမှု များတဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားတာကို ထောက်ပြကြပါတယ်။ လေ့လာတွေ့ရှိချက်တွေဟာ အစီအစဉ်တကျ မဟုတ်ဘဲ လူနည်းစုကိုသာ ခြုံငုံလေ့လာထားခြင်း၊ ထိရောက်မှု ရှိအောင် မလေ့လာနိုင်တဲ့ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ထောက်ပြကြတာမို့ အတိအကျတော့ ဒီရလဒ်ကို လက်ခံနိုင်ဖွယ် မရှိသေးပါဘူး။
Ref: Channel News Asia
Source : AFP