သင့်အနေနဲ့ ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေကို စမ်းသပ်ပြုလုပ်ကြည့်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) တနေ့မှာ မိနစ်အနည်းငယ်လောက် အသက်ရှုလေ့ကျင့်ခန်း တနည်းအားဖြင့် တရားထိုင်တာကို ပြုလုပ်ပေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာအတွက်ရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ များစွာအထောက်အကူပြုတယ်လို့ အခုနောက်ပိုင်းမှာဆိုရင် အနောက်တိုင်းဆေးပညာရှင်တွေကပါ တိုက်တွန်းပြောဆိုလာကြပြီပဲ ဖြစ်ပါတယ်။
(၂) ကျန်းမာရေးပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းတွေထဲမှာ ရေကိုအချိန်မှန်သောက်သုံးခြင်းဟာလည်း အရေးကြီးတဲ့ အချက်တခုပဲ ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထထချင်း ရေသောက်သုံးခြင်းဟာ ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်ပေါ်စေတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကင်းလွတ်စေမှာပဲ ဖြစ်ပါတယ်။
(၃) အသီးအနှံတွေကို ကြော်လှော်စားသုံးခြင်းထက် စွပ်ပြုတ်အဖြစ် ပြုလုပ်စားသုံးခြင်းဟာ အဆီနဲ့ ကယ်လိုရီတွေကို လျှော့ချပေးနိုင်တာကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းနေသူတွေနဲ့ ကိုယ်အလေးချိန်လျှော့ချနေသူ အများစုဟာ အစားအစာကို လိုတာထက် ပိုပြီး လျှော့စားလေ့ရှိကြပါတယ်။ အာဟာရဆိုင်ရာပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင်တော့ ဒါဟာ မှားယွင်းတဲ့ နည်းစနစ်တခုဖြစ်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေ ရရှိနိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးရမယ်လို့ ဆိုပါတယ်။
(၅) ငါးမှာပါဝင်တဲ့ omega3 fatty acid ဟာ ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေနဲ့ နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်ရောင်ရောဂါတွေကို လျှော့ချကာကွယ်ပေးနိုင်စွမ်းရှိတာကြောင့် တပတ်မှာ အနည်းဆုံး နှစ်ကြိမ်ခန့် ပုံမှန်စားသုံးပေးသင့်ပါတယ်။
Ref. readysethealth.com