သင်ဟာ အလုပ်မှာ ထိုင်ရာက မထဘဲ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရပြီလား။ ဂိမ်းတွေ အမြဲ ဆော့နေတာကြောင့် မျက်စိတွေ ပြာလာတာမျိုး၊ အာရုံစူးစိုက်လို့ မရတော့တာမျိုးတွေကြုံဖူးမှာပါ။ ကွန်ပျူတာတွေအသုံးများပြီး မျက်စိထိခိုက် တာမျိုး မဖြစ်ရအောင် လိုက်နာနိုင်မယ့် နည်းလမ်းတွေေ ဝေမျှပေးလိုက်ပါတယ်။
(၁) ပြင်ပအလင်းရောင် လျှော့ချပါ
အခန်းထဲမှာ ကွန်ပျူတာသုံးတော့မယ်ဆိုရင် ပြင်ပအလင်းရောင်က အရမ်းစူး မနေအောင် သတိထားပါ။ စူးရှတဲ့ အလင်းမကျ ရောက်စေဖို့ လိုက်ကာနဲ့ ကာထားပါ။ အခန်းတွင်းမှာ မီးချောင်းတွေ ရှိတယ်ဆိုလည်း လင်းတဲ့ အရောင်ထက် မှိန်ပြပြ အရောင်မျိုးသာ သုံးသင့်ပါတယ်။
(၂) မျက်တောင်ခတ်ပါ
ကွန်ပျူတာသုံးတဲ့သူ အများစုက သာမန်အချိန်ထက် ၃ ပုံ ၁ပုံလောက်သာ မျက်တောင်ခတ်ပါတယ်။ မျက်တောင်ခတ်ပေးခြင်းဖြင့် သင့်မျက်လုံး အစိုဓာတ်ပြည့်ဝစေသလို မျက်စိခြောက်သွေ့ပြီး ယားယံတာမျိုးတွေ ပျောက်စေပါတယ်။
(၃) ကွန်ပျူတာက setting တွေ ချိန်ပါ
သင့်မျက်စိ အားစိုက်ကြည့်ရခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှု မဖြစ်စေဖို့ ကွန်ပျူတာက display setting တွေ ပြန်ချိန်ပါ။ ကွန်ပျူတာ မျက်နှာပြင်က အလင်းရောင်ကို ပြင်ပအလင်းရောင်နဲ့ ချိန်ညှိပြီးထားပါ။ စာလုံးဖောင့် အရွယ်အစားတွေကိုလည်း ကြီးထားမယ်ဆိုရင် သင့်မျက်လုံးက အားစိုက်ရ သက်သာပါလိမ့်မယ်။
(၄) မျက်လုံးလေ့ကျင့်ခန်း လုပ်ပါ
ကွန်ပျူတာ မျက်နှာပြင်ကို တချိန်လုံး စိုက်ကြည့်နေမယ်ဆိုရင် သင့်မျက်စိ ပင်ပန်းလာပါလိမ့်မယ်။ ဒီလို မဖြစ်ရအောင် မိနစ် ၂၀ တခါ ပြင်ပကိုကြည့်ပါ။ သင်နဲ့ ပေ၂၀ လောက်အကွာအဝေးမှာ ရှိတဲ့ အရာမျိုးကို အနည်းဆုံး ၂၀ စက္ကန့်လောက် ကြည့်ပါ။
အချို့သော မျက်စိဆရာဝန်တွေကတော့ ၂၀-၂၀-၂၀ စည်းကမ်းလု့ိ ပြောကြပါတယ်။ နောက်ထပ် လေ့ကျင့်ခန်းကတော့ အဝေးကအရာတခုကို ၁၀၊ ၁၅ စက္ကန့်လောက်ကြည့်ပါ။ ပြီးရင် အနီးက အရာတခုကို ၁၀၊၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
(၅) အလုပ်နေရာ စနစ်ကျပါစေ
သင့်အလုပ်ဘေးနားမှာ ရှိတဲ့အရာတွေကလည်း အလင်းပြန်တဲ့ပစ္စည်းတွေဘဲ ဆိုရင်မျက်စိ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စားပွဲမှာ ပန်းအိုးအသေး၊ စာရွက်အညိုစတာမျိုးလေးတွေ ထားပါ။ ဒါ့အပြင် သက်သောင့်သက်သာ ရှိစေမယ့် ထိုင်ခုံမျိုးကို ရွေးချယ်ပါ။
သင့်မျက်လုံးနဲ့ ကွန်ပျူတာ ၂၀ (သို့မဟုတ်) ၂၄ လက်မလောက် အကွာအဝေး ရှိစေမယ့် အခြေအနေမျိုး၊ ကွန်ပျူတာ အလယ်မျက်နှာပြင်ဟာ ၁၅ ဒီဂရီလောက်သင့်မျက်စိအောက်မှာ ရှိနေအောင် ဖန်တီးပေးမယ့် ပရိဘောဂမျိုးတွေကို အသုံးပြုပါ။
Ref ; www.allaboutvision.com