ရင်သားကင်ဆာရောဂါဆိုတာဟာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး သိထားတဲ့ တချို့သော အယူအဆတွေဟာ မှားယွင်းနေတာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) မျိုးရိုးထဲမှာ ရင်သားကင်ဆာရောဂါ ဖြစ်ပွားနေတဲ့သူရှိရင် ရင်သားကင်ဆာဖြစ်နိုင်ခြေများတယ်ဆိုတာဟာ အယူအဆမှား တခုပဲဖြစ်ပြီး ဆေးပညာစမ်းသပ်ချက်တွေအရ အမျိုးသမီးတိုင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းထိရှိတယ်လို့ ဆိုပါတယ်။ ဒီထဲကမှ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်နေသူ ရှိနေပြီဆိုရင်တော့ အချိန်မီသွားရောက် ကုသစစ်ဆေးမှုတွေ ခံယူသင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
(၂) ဘရာစီယာဝတ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ အများစုဟာ ထင်မြင်တတ်ကြပြီး ရင်သားကင်ဆာ ဖြစ်ပွားတာဟာ ဘရာစီယာ ဝတ်ခြင်း မဝတ်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ဘရာစီယာဝတ်ခြင်းဟာ ရင်သားကိုတင်းကျပ်စေပြီး အဆိပ်အတောက်တွေ ထုတ်လွှတ်စေနိုင်တာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေများတယ်ဆိုတာဟာ အယူအဆမှား တခုပဲ ဖြစ်ပါတယ်။
(၃) ရင်သားသေးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါးတယ်ဆိုတာဟာလည်း မှားယွင်းတဲ့ အယူအဆမှားတခုဖြစ်ပြီး ရင်သားကင်ဆာ ဖြစ်ပွားတာဟာ ရင်သားသေးခြင်း၊ ကြီးခြင်း စတဲ့ အရွယ်အစားနဲ့ လုံးဝမသက်ဆိုင်ပါဘူး။
(၄) အမျိုးသမီးအများစု ထင်မြင်တတ်ကြတာက ရင်သားမှာ အကျိတ်၊ အဖုလို ဖြစ်လာမှ ရင်သားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာလို့ ထင်မြင်တတ်ကြတာပဲ ဖြစ်ပါတယ်။ ရင်သားမှာ အကျိတ်၊ အဖုတွေ မရှိဘဲ ရင်သားရောင်ရမ်း နာကျင်လာတာ၊ ရင်သားထိပ်တွေ မူမမှန်ဖြစ်လာပြီး အရည်ကြည်လို အရည်မျိုးတွေ ထွက်လာတာဟာလည်း ရင်သားကင်ဆာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
(၅) ရင်သားကင်ဆာရောဂါကို ကာကွယ်လို့ရတယ်ဆိုတာဟာ မှားယွင်းနေတဲ့ အယူအဆမှား တခုပဲဖြစ်ပြီး ဆေးလိပ်လျှော့သောက်တာ၊ အယ်လ်ကိုဟော လျှော့သောက်တာ၊ကိုယ်လက်လှုပ်ရှားပုံမှန်ပြုလုပ်ပေးတာတို့နဲ့ ကျန်းမာရေးနဲ့ အညီနေထိုင်စားသောက်တာတို့ဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေမှာပဲ ဖြစ်ပါတယ်။