Health

အလုပ်လုပ်ချိန်များတဲ့ အမျိုးသမီးတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေများကြောင်း လေ့လာတွေ့ရှိ

အမျိုးသမီးတွေဆိုတာဟာ အိမ်မှုကိစ္စတွေမှာရော လုပ်ငန်းခွင်ထဲမှာပါ မပါမဖြစ်သူတွေပဲဖြစ်ကြပြီး ဇူလိုင်လ ၂ ရက်နေ့က BMJ ဆီးချိုရောဂါရှာဖွေရေးနဲ့ ကုသရေးစင်တာရဲ့လေ့လာတွေ့ရှိချက်အသစ်အရ အလုပ်ပြင်းပြင်းထန်ထန်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေဟာ သာမန်ထက် ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို တရားဝင်ထုတ်ပြန်နိုင်ဖို့အတွက် ဆေးသုတေသနပညာရှင်တွေဟာ အမျိုးသမီးပေါင်း ၇၀၆၅ ဦးခန့်ကို အချိန်ကာလ ၁၂ နှစ်ကျော်ကြာ အချိန်ယူပြီး သုတေသနပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရက်သတ္တပတ်တပတ်မှာ ၄၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ တပတ်မှာ ၃၅ နာရီနဲ့ နာရီ ၄၀ ကြားအလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ဒီသုတေသနလေ့လာချက်ကိုပဲ အမျိုးသားတွေမှာ စမ်းသပ်သုတေသနပြုလုပ်တဲ့အခါ ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ အမျိုးသားတွေမှာတော့ အလုပ်လုပ်ချိန်နဲ့ မသက်ဆိုင်ဘဲ ဆေးလိပ်သောက်သုံးတာ၊ ကိုယ်လက်လှုပ်ရှားပုံမှန်မပြုလုပ်တာနဲ့ အယ်လ်ကိုဟော သောက်သုံးမှုများတာတွေနဲ့သာ ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

“အမျိုးသမီးတွေရဲ့ နေ့စဉ်တာဝန်တခုလိုဖြစ်နေတဲ့ အိမ်မှုကိစ္စလုပ်ငန်းတွေကို သင့်အနေနဲ့ ပေါ့ပေါ့တန်တန်အလုပ်တခုလို တွေးမိရင်တော့ ဒါဟာအမှားကြီးမှားသွားပါလိမ့်မယ်။ အိမ်မှုကိစ္စတွေဟာ ပြင်ပလုပ်ငန်းခွင်လို ဝင်ငွေမရပေမယ့် စိတ်ဖိစီးမှု နဲ့ အလုပ်ရဲ့ ပင်ပန်းမှုဒဏ်တွေကတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုဖြစ်စေပါတယ်” လို့ Toronto တက္ကသိုလ်က သုတေသနမှူး Mahee Gilbert-Ouitmet က သူ့ရဲ့ ၁၂ နှစ်ကြာသုတေသနလေ့လာချက်တွေအရ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်တွေ အရဆိုရင်လည်း အမျိုးသမီးတွေရဲ့ အလုပ် ပြင်းပြင်းထန်ထန်လုပ်မှုနဲ့ အလုပ်လုပ်ချိန်များမှုတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ၂၀၀၆ ခုနှစ်မှာလုပ်ခဲ့တဲ့ အလားတူသုတေသနလေ့လာချက်တွေမှာ အလုပ်လုပ်ချိန်များခြင်းဟာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေများကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

Ref. www.simplemost.com

Loading