ဝမ်းဗိုက်မှာ အဆီတွေစုပုံနေတဲ့ ဗိုက်ခေါက်ထူထူတွေကို လူတိုင်းမလိုချင်ကြပါဘူး။ ဝမ်းဗိုက်မှာ အဆီတွေစုပုံနေခြင်းဟာ နေ့စဉ်စားသုံးတဲ့ တချို့သော အစားအစာတွေကြောင့်လည်း ဆိုင်သလို သတိမထားမိဘဲ ပြုလုပ်တတ်တဲ့ အလေ့အကျင့် တွေက ဗိုက်သားထူထူတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ညစာစားချိန်နောက်ကျတာဟာ ဗိုက်ခေါက်ထူထူတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း တချက်ပဲဖြစ်ပြီး ညစာစားပြီး သိပ်မကြာခင်မှာပဲ အိပ်ရာဝင်ခြင်းဟာ အစာကိုကောင်းမွန်စွာ မချေဖျက်နိုင်တာကြောင့် ဝမ်းဗိုက်မှာ အဆီတွေကို စုပုံနေစေတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ညစာစားဖို့ နောက်ကျတတ်တယ်ဆိုရင်တော့ အိပ်ရာမဝင်ခင် ၃ နာရီ အလိုခန့်မှာ ညစာစားဖို့ကို သတိထားပြုလုပ်သင့်ပါတယ်။
(၂) ဂတ်စ် ပါဝင်ဖြည့်သွင်းထားတဲ့ အားဖြည့်အချိုရည်တွေအပါအဝင် အချိုရည်အများစုမှာ သကြားဓာတ်အလွန်အကျွံ ပါဝင်ပြီး သောက်သုံးပြီးတဲ့နောက်မှာ ကယ်လိုရီတွေ မြင့်တက်စေတာကြောင့် ဝမ်းဗိုက်မှာ အဆီတွေကို စုပုံစေနိုင်ပါတယ်။ မကြာခဏဆိုသလို ဒီလိုအချိုရည်တွေကို သောက်သုံးမယ့်အစား ရေနဲ့ အသီးအနှံဖျော်ရည်တွေကို သောက်သုံးပေး သင့်ပါတယ်။
(၃) လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ ခန္ဓာကိုယ်တွင်းကနေ Cortisol ဟော်မုန်းထွက်ရှိမှုကို များပြားစေပြီး Cortisol ဟော်မုန်းဟာ ဗိုက်သားထူထူတွေ ဖြစ်ပေါ်ခြင်းကို အားပေးစေတာကြောင့် အိပ်ရေးဝဝ အိပ်စက်ဖို့ မမေ့လျော့သင့်ပါဘူး။
(၄) တီဗီကြည့်ရင်းအစားစားခြင်းနဲ့ အစားစားနေချိန်မှာ စကားပြောခြင်းတို့ဟာ အစားအစာကို ပုံမှန်ထက်ပိုမိုစားသုံးမိစေပြီး အစာချေဖျက်တဲ့အခါ ပုံမှန်ထက်ပိုမိုချေဖျက်ရတာကြောင့် ဝမ်းဗိုက်မှာ အဆီတက်စေပါတယ်။
(၅) တနေရာထဲမှာ အချိန်တော်တော်ကြာထိုင်ခြင်း (အထိုင်များခြင်း) ဟာ ခန္ဓာကိုယ်ထဲမှာ အဆီတွေကို တနေရာတည်း စုပုံနေစေပြီး အထူးသဖြင့် ဝမ်းဗိုက်နေရာမှာ အဆီတွေကို စုပုံနေစေကာ ဗိုက်ခေါက်ထူထူတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထိုင်များခြင်းဟာ ကျန်းမာရေးအပေါ်ဆိုးကျိုးတွေကို သက်ရောက်စေနိုင်တဲ့အပြင် အဝလွန်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေနိုင်တာကြောင့် အထိုင်များသူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှား အားကစားတခုခုကို ပြုလုပ်ပေးသင့်ပါတယ်။
Ref; theindianspot.com