နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေ ပြုလုပ်ရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အရေးကြီးပါတယ်။
နေ့စဉ်တာဝန်တွေကို လုပ်ဆောင်ရတဲ့အခါ စိတ်မကြည်မလင် ဖြစ်နေရတာတွေဟာ သတိ မထားမိဘဲ ပြုလုပ်မိတတ်တဲ့ အပြုအမူတွေနဲ့လည်း ဆက်စပ်နေတာကြောင့် သတိပြုမိစေဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) ဆိုရှယ် မီဒီယာတွေပေါ်မှာ စွဲလမ်းလွန်းခြင်းနဲ့ အသုံးပြုမှုလွန်ကဲခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဆိုရှယ် မီဒီယာတွေပေါ်မှာ စွဲလမ်းလွန်းခြင်းဟာ ရေရှည်မှာ မကောင်းမြင်တဲ့ အတွေးအခေါ်တွေနဲ့ မိမိကိုယ်ကို သိမ်ငယ်စိတ်၊ အထီးကျန်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
(၂) တစုံတခုကို လုပ်ကိုင်နေရင်းနဲ့ နောက်ထပ်လုပ်ရမယ့် အလုပ်တခုအကြောင်းစဉ်းစားနေခြင်းနဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ကိုင်ခြင်းတို့ဟာ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းထက် ပိုမိုပြီး ခိုင်းစေသလို ဖြစ်တာကြောင့် ရေရှည်မှာ မှတ်ဉာဏ် စွမ်းရည်တွေကို ကျဆင်းစေနိုင်ပြီး အာရုံစူးစိုက်မှု အားတွေကို လျော့နည်းလာစေနိုင်ပါတယ်။
(၃) တနေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်သာ ရှိသူတွေဟာ ရေရှည်မှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ စိတ်ဖိစီးမှုတွေကို ခံစားရနိုင်တယ်လို့ စိတ်ပညာ ကုထုံးပညာရှင် Jessica Snyder က ဆိုပါတယ်။ ယောဂကျင့်တာ၊ လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းတို့ဟာ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်သလို စိတ်ကျရောဂါ ဖြစ်ပွားခြင်း ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) အလုပ်လုပ်ကိုင်တဲ့နေရာမှာ အချိန်ဆွဲခြင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်မှု မရှိဘူးလို့ ထင်ရပေမယ့် ဒါဟာရေရှည်မှာ ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင် ဒေါက်တာ Bryan Bruno က ဆိုပါတယ်။ အချိန်ဆွဲ လုပ်ကိုင်ခြင်းကြောင့် ရေရှည်မှာ စိုးရိမ်ပူပန်မှု များတာ၊ အာရုံကြောကျန်းမာရေး ထိခိုက်တာတွေနဲ့ စိတ်ဖိစီးမှုဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
(၅) အိပ်ရေးဝဝ အိပ်စက်ခြင်းဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ အိပ်စက်ချိန် အလုံအလောက် မရရှိသူ အများစုဟာ စိတ်တိုဒေါသ ထွက်လွယ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာနဲ့ စိတ်အတက်အကျမြန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေကို ခံစားရနိုင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ငိုကြွေးခြင်းဟာ စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေကြောင်း လေ့လာတွေ့ရှိ
Ref. thriveworks.com