ရေဆိုတာ နေ့စဉ်ဘဝအတွက် အရေးကြီးဆုံးဖြစ်သလို၊ အလိုအပ်ဆုံးလည်း ဖြစ်ပါတယ်။ “ရေအသက် တမနက်”လို့ အဆိုအတိုင်း ရေ မသောက်ဘဲ အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။
တနေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်သုံးသင့်တယ်လို့ အကြံပြုထားသလို ရာသီဥတုပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ရေဓာတ် အနည်းအများ ပြန်လည် ဖြည့်စွမ်းပေးရပါတယ်။
လူတွေအတွက် မရှိမဖြစ် အရေးပါတဲ့ ရေဟာ သောက်တဲ့ပုံစံ မမှန်ကန်ရင်လည်း လူကို ဒုက္ခ ပေးတတ်ပြန်ပါတယ်။ ရာသီဥတု အရမ်းပူတဲ့ အချိန်တွေမှာ ရေခဲရေတွေ သောက်မိရင် လည်ချောင်းနာတာကနေ နောက်ဆုံး ဦးနှောက် သွေးကြောပြတ်တဲ့အထိ ဆိုးရွားစေတာကြောင့် ရေခဲရေထက် မြေအိုးထဲမှာထည့်ထားတဲ့ ရေအေးအေးက ပိုလည်း အမောပြေစေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
အစားမစားခင်နဲ့ စားပြီး ၁၅ မိနစ်လောက်အနည်းဆုံး ခြားပြီးရေသောက်တာဟာ အစာခြေစနစ်ကို အထောက် အကူပြုပါတယ်။ ရေအရမ်းငတ်နေတဲ့အချိန်မှာ အလောတကြီး တကျိုက်တည်း သောက်လိုက်တာထက် တငုံချင်းစီ ဖြည်းဖြည်းချင်းသောက်ပေးတာက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေဆီကို ရေဓာတ်မြန်မြန်ဆန်ဆန် ရောက်စေပါတယ်။
တကယ်လို့များ သင့်မှာ နှလုံးရောဂါ အခံရှိတယ်ဆိုရင် ရေကိုနည်းနည်းချင်း မသောက်ဘဲ တခါတည်း အလောတကြီး သောက်လိုက်တာဟာ နှလုံးကိုဖိအားများစေလို့ အသက်အန္တရာယ် ရှိပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်ထားခဲ့ရင် လုပ်ပြီးပြီးချင်း အလောတကြီး ရေမသောက်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ထားခဲ့လို့ ချွေးအရမ်းထွက်ထားတာကြောင့် ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက် အေးနေပါတယ်။
ဒီအချိန်မှာ ရေများများသောက်လိုက်ရင် အန္တရာယ်ရှိပါတယ်။ ချက်ချင်းဆိုသလို မအီမသာဖြစ် လာပြီး အော့အန်ချင်လာမယ်၊ ဆဲလ်တွေရောင်ရမ်းလာမယ်၊ နောက်ဆုံး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်လို့ သတိပြုဆင်ခြင်သင့်ပါတယ်။
အရမ်းရေငတ်နေတဲ့အချိန်၊ ကိုယ်လက်လှုပ်ရှားအားကစားတွေကြောင့် ရေဓာတ်ကုန်ခမ်းနေချိန်မှာ တကြိုက်တည်း ရေကို အလောတကြီးသောက်လိုက်ရင် ခန္ဓာကိုယ်က ဆဲလ်တွေ ရောင်ရမ်းလာပြီး လူကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် တခါတလေမှာ အားကစားလုပ်ပြီး ရေကို အလောတကြီး သွားသောက်လိုက်ရင် ရုတ်တရက်မူး ဝေသွားတာမျိုး ခံစားဖူးကြမှာပါ။
ရေမဟုတ်ဘဲ တခြားအားဖြည့်အချိုရည်တွေရော ဖြစ်နိုင်လားဆိုရင် ဖြစ်နိုင်ပါတယ်။ ရေတမျိုးတည်း မဟုတ်ဘဲ အရည်အမျိုးမျိုးကို ကိုယ်လက်လှုပ်ရှားပြီးခါစ ကိုယ်တွင်း အရည်ဓာတ်ပမာဏ တည်ငြိမ်မှုမရှိချိန်မှာ အလောတကြီး သွားသောက်မိရင် ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်ချက်တွေ ဟန်ချက် ပျက်သွားပြီး မူးဝေအော့အန်တာကနေ နောက်ဆုံး အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်လို့ ရေကိုနည်းနည်းနဲ့ ဖြည်းဖြည်းချင်း သောက်ကြဖို့ ရေးသားလိုက်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – တနေ့တာ ဘယ်အချိန်မှာ ရေသောက်ရင် အကျိုးများစေလဲ
Ref: Quora