Mint လို့ခေါ်တဲ့ ပူစီနံရွက်ဟာ အသားအရေယားယံမှုကို ပျောက်ကင်းစေနိုင်တဲ့ menthol နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ antibacterial ဓာတ်တွေ ကြွယ်ဝတာကြောင့် ထိခိုက်လွယ်တဲ့ အသားအရေအမျိုးအစား ရှိသူတွေ ကလွဲလို့ အသားအရေအမျိုးအစား တော်တော်များများနဲ့ ကိုက်ညီလှပါတယ်။
အခုဖော်ပြပေးမှာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးတည့်လှတဲ့ ပူစီနံရွက်ကို အဓိက အသုံးပြုပြီး မျက်နှာပေါင်းတင်နိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။
(၁) ဝက်ခြံပျောက်ကင်းစေဖို့ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းအများစုမှာ ပူစီနံရွက်ဟာ အဓိကပါဝင်ပြီး ပူစီနံဟာ ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပူစီနံရွက်အနည်းငယ်၊ သခွားသီးစိတ် ၅ စိတ်ခန့်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတဇွန်းတို့ကို ကြိတ်ချေပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့်လိမ်းကျံကာ ရေဆေးချပေးခြင်းအားဖြင့် ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့အပြင် ဝက်ခြံတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။
(၂) ရေသေချာဆေးကြောထားတဲ့ ပူစီနံရွက်အနည်းငယ်ကို နနွင်းလက်ဖက်ရည်ဇွန်းတဇွန်းခန့်နဲ့ ရောကာ ကြိတ်ချေပြီး မျက်နှာအသားအရေပေါ်မှာ ၁၅ မိနစ်ခန့်လိမ်းကျံကာ ရေဆေးချပေးပါ။ နနွင်းဟာ ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာ စေနိုင်တဲ့အပြင် မျက်နှာအဆီပြန်ခြင်းကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။
(၃) ပူစီနံရွက်အနည်းငယ်နဲ့ နှင်းဆီပေါင်းခံရည် (rosewater) တို့ကို blender ထဲရောမွှေပြီး ရလာတဲ့ အရည်ကို မျက်နှာပေါ် ၁၅ မိနစ်ခန့်လိမ်းကျံကာ ရေနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် အသားအရေကြမ်းတမ်းခြင်းကို ပျောက်ကင်းစေနိုင်တဲ့အပြင် rosewater ဟာ အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။
(၄) ပူစီနံရွက်အနည်းငယ်၊ သံလွင်ဆီလက်ဖက်ရည်ဇွန်းတဇွန်းနဲ့ သံပုရာရည်လက်ဖက်ရည်ဇွန်းတဇွန်းတို့ကို သေချာကြိတ်ချေထားတဲ့ အရောကို မျက်နှာအသားအရေပေါ် လိမ်းပေးပြီး ၁၅ မိနစ်ခန့်ကြာရင် ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီပေါင်းတင်နည်းဟာ အသားအရေအမျိုးအစားအများစုနဲ့ သင့်တော်ပြီး ညစ်နွမ်းနေတဲ့ အသားအရေတွေကို ပြန်လည်တောက်ပလာစေနိုင်ပါတယ်။
Ref. food.ndtv.com