ခြင်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာပေါ်မှာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး သတ္တဝါတမျိုး ဖြစ်ပြီး လူတွေကို မှီခိုပြီး အသက်ရှင်နေကြတဲ့ သတ္တဝါတမျိုးလည်း ဖြစ်ပါတယ်။ နေ့စဉ်ပတ်ဝန်းကျင်မှာ လူတွေဆီကနေ သွေးစုပ်ဖို့ ချောင်းမြောင်းနေတတ်ကြတဲ့ ခြင်တွေဟာ လူတချို့ကို ကိုက်ပြီး တချို့သူတွေကိုတော့ မကိုက်တာမျိုးတွေကို သင့်အနေနဲ့ အနည်းနဲ့ အများဆိုသလို ကြုံတွေ့ဖူးကြမှာပါ။
ဘာကြောင့် ဒီလိုမျိုး ဖြစ်ပေါ်ရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သိပ္ပံရှုထောင့်ကနေ အခုလိုပဲ ရှင်းလင်းထားပါတယ်။
(၁) ခြင်တွေဟာ လူတွေအသက်ရှုတဲ့အခါ ပြန်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံကာ ကိုက်တတ်ကြတာဖြစ်ပြီး သူများထက်ပိုပြီး ခြင်အကိုက်ခံရသူတွေဟာ အသက်ရှုတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်များများ ထုတ်တတ်ကြသူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က မိမိအသက်ရှုသံကို သတိမထားမိပေမယ့် ခြင်တွေကတော့ သင်ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မူတည်ပြီး သွေးစုပ်တတ်ကြပါတယ်။
(၂) သိပ္ပံပညာရှင်တွေရဲ့ နောက်ထပ်လေ့လာမှုတခုကတော့ ခန္ဓာကိုယ်မှာ ပုံမှန်ထက် ချွေးပိုထွက်တတ်သူတွေဟာ ခြင်ပိုမိုကိုက်ခံရလေ့ရှိပြီး ခန္ဓာကိုယ်ကထွက်တဲ့ ချွေးထဲမှာ ပါဝင်တဲ့ lactic acid ဟာ ခြင်တွေအတွက်တော့ ဆွဲဆောင်မှုတခုလို ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။
(၃) ခြင်တွေဟာ ethanol ဓာတ်ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး ethanol ရဲ့ ဓာတုဗေဒနာမည်ကတော့ အယ်လ်ကိုဟော (alcohol) ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အယ်လ်ကိုဟောကို စွဲစွဲမြဲမြဲသောက်သုံးသူတွေနဲ့ သောက်သုံးထားသူတွေကို ခြင်တွေကို ပိုမိုကိုက်တတ်ကြတာပဲ ဖြစ်ပါတယ်။
(၄) ခြင်တွေဟာ သွေးအမျိုးအစားမရွေး ကိုက်ခဲသွေးစုပ်တတ်ကြပေမယ့် သူတို့အကြိုက်ဆုံး သွေးအမျိုးအစားကတော့ O သွေးပိုင်ရှင်တွေ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ ခြင်တွေကြိုက်တဲ့ နောက်ထပ်သွေးအမျိုးအစားကတော့ A သွေးအမျိုးအစားပဲဖြစ်ပြီး ဒီသွေးအမျိုးအစား နှစ်မျိုးကို အဓိကထား သွေးစုပ်တတ်ကြတယ်လို့လည်း သိပ္ပံရှုထောင့်ကနေ ရှင်းလင်းဖော်ပြထားပါတယ်။
Ref: mysticalraven.com