အိပ်ရာထစောဖို့ဆိုတာဟာ လွယ်ကူတဲ့အလုပ်တခုတော့ မဟုတ်ပါဘူး။ ည ၁၁ နာရီလောက်မှာ အိပ်ရာဝင်သူ တယောက်အဖို့ မနက် ၅ နာရီနဲ့ ၆ နာရီဝန်းကျင် အချိန်တွေမှာ အိပ်ရာထဖို့ဆိုတာဟာ ပိုလို့တောင် ခက်ခဲလှပါသေးတယ်။
ကော်လိုရာဒိုပြည်နယ်ရှိ ဘိုးလ်ဒါတက္ကသိုလ်ရဲ့ သုတေသန လေ့လာတွေ့ရှိချက်အရဆိုရင်တော့ စောစောအိပ်ရာထတဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေနည်းပါးတယ်လို့ ဆိုပါတယ်။
ဒီသုတေသနလေ့လာချက်ကိုတော့ ကော်လိုရာဒိုပြည်နယ်က ဘိုးလ်ဒါတက္ကသိုလ်နဲ့ ဘော်စတွန်မှာရှိတဲ့ အမျိုးသမီး စောင့်ရှောက်ရေးဆေးရုံက သုတေသနပညာရှင်တွေက တွဲဖက်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသုတေသန စမ်းသပ်ချက် အတွက် အမျိုးသမီးပေါင်း ၃၂၀၀၀ ခန့်ကို လေ့လာစမ်းသပ်ခဲ့တာဖြစ်ပြီး နှစ်နှစ်တကြိမ် စစ်တမ်းကောက်ယူခဲ့တာလည်း ဖြစ်ပါတယ်။
သုတေသနလေ့လာချက်တွေမှာ ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ညအိပ်ရာဝင်ချိန်တွေနဲ့ မနက်အိပ်ရာထချိန်တွေကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ၃၇ ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ မနက်စောစောအိပ်ရာထသူတွေဖြစ်ပြီး ၅၇ ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ အိပ်ရာထနောက်ကျတတ်သူတွေပဲ ဖြစ်ပါတယ်။
သုတေသနလေ့လာချက်အရ မနက်စောစောအိပ်ရာထတဲ့ ၃၇ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ မနက်ခင်းမှာ ထွက်တဲ့ နေရောင်ခြည်၊ လေကောင်းလေသန့်နဲ့ မနက်စာကို ပုံမှန်စားသုံးခြင်းတို့ကြောင့် စိတ်ကျရောဂါဖြစ်နိုင်ခြေနည်းပါးတာဖြစ်ပြီး ကျန်တဲ့ ၅၇ ရာခိုင်နှုန်းကတော့ စိတ်ကျရောဂါဖြစ်နိုင်ခြေများတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ ဇီဝဖြစ်စဉ်တွေကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ နည်းခြင်းများခြင်းဟာ အိပ်စက်ချိန်ပေါ်မူတည်ပြီး ကွာခြားသွားတာ ဖြစ်တယ်လို့လည်း လေ့လာချက်တွေက ဆိုပါတယ်။
ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ရောဂါတွေဟာလည်း များပြားလာပြီး ဒီထဲမှာမှ စိတ်ကျရောဂါဟာဆိုရင်လည်း လျစ်လျှူရှုမထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ လုံလောက်တဲ့အိပ်စက်အနားယူချိန်လည်း ရှိမယ်၊ မိမိကိုယ်တိုင်ဟာလည်း အိပ်ရာစောစောထနိုင်သူဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာထဲကတခုဖြစ်တဲ့ စိတ်ကျရောဂါကို ကာကွယ်တဲ့အနေနဲ့ စောစောအိပ်ရာထဖို့ သုတေသနပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။
Ref. mysticalraven.com