သွားတွေဟာ နေ့စဉ်စားသောက်မှုမှာ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုဖြစ်ပြီး သွားတွေထိခိုက် ပျက်စီးပြီဆိုရင်လည်း ပုံမှန်အတိုင်း ပြန်ကောင်းလာဖို့ဆိုတာဟာ အချိန်ကြန့်ကြာတတ်ပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ သကြားလုံးတွေထက် ပိုပြီး သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာတွေဖြစ်ပြီး ဒီအစားအစာတွေထဲမှာ သတိမထားမိဘဲ စားသုံးမိတတ်တဲ့ အစားအစာတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့်မို့လို့ သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာများ အကြောင်း ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) သစ်သီးခြောက်များ
သစ်သီးခြောက်တွေဟာ အချိုဓာတ် လွန်လွန်ကဲကဲပါတဲ့ သကြားလုံးတွေထက်တောင် သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ Michigan တက္ကသိုလ်ရဲ့ သွားဘက်ဆိုင်ရာပါရဂူ ဒေါက်တာ Stephen J.Stefanac က ဆိုပါတယ်။ သစ်သီးခြောက်တွေဟာ သွားတွေကို စေးကပ်စေကာ သူ့မှာပါဝင်တဲ့ အချိုဓာတ်တွေဟာ သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၂) ဆိုဒါအချိုရည်
၁၂ အောင်စရှိတဲ့ ဆိုဒါအချိုရည် သံဘူးတဘူးမှာ သကြားဓာတ် ၃၉ ဂရမ်ပါဝင်ပြီး သကြားဓာတ် ၃၉ ဂရမ်ဟာ သကြားလက်ဖက်ရည်ဇွန်း ၁၀ ဇွန်းနဲ့ ညီမျှပါတယ်။ ဆိုဒါဟာ သွားတွေရဲ့ အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေပြီး ဆိုဒါပါဝင်တဲ့ အချိုရည်တွေကို မကြာခဏ သောက်သုံးမယ်ဆိုရင်တော့ သွားတွေကို ပျက်စီးစေမှာ အသေအချာပဲ ဖြစ်ပါတယ်။
(၃) ကော်ဖီ၊လက်ဖက်ရည်
ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာ ပါဝင်တဲ့ ကဖင်းဓာတ်နဲ့ အက်ဆစ်ဓာတ်တွေဟာ သွားတွေကို ဆိုးဆိုးရွားရွာ းထိခိုက်ပျက်စီးစေနိုင်ပြီး သွားတွေကို ဝါကျင့်ကျင့်အရောင်လည်း ဖြစ်ပေါ်စေပါတယ်။ သွားကျန်းမာရေးကို ဂရုစိုက်သူတွေအနေနဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တို့ကို လျှော့သောက်သင့်ပြီး ကော်ဖီနဲ့ လက်ဖက်ရည်တွေ သောက်သုံးပြီးချိန်မှာ ပလုပ်ကျင်းပေးခြင်းကလည်း အနည်းငယ် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) ဝါးစားလို့ရတဲ့ ဗီတာမင်ဆေးလုံးတွေ
ဝါးစားလို့ရတဲ့ ဗီတာမင်ဆေးလုံးနဲ့ ဆေးပြားတွေဟာ သွားတွေကို စေးကပ်စေပြီး သူ့မှာပါဝင်တဲ့ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်တွေဟာ သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ဗီတာမင်ဆေးလုံးတွေ သောက်သုံးပြီးတဲ့အခါ ပလုပ်ကျင်းပေးသင့်ပါတယ်။
(၅) ဒိန်ချဉ်
ဒိန်ချဉ်ဟာ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုပေမယ့် ဒိန်ချဉ်မှာပါဝင်တဲ့ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်တွေကတော့ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပြီး သွားပိုးစားခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဒိန်ချဉ်စားသုံးပြီးတဲ့အခါ ပလုပ်ကျင်းတာပဲဖြစ်ဖြစ် သွားတိုက်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
Ref: www.rd.com