“မျက်နှာပေါင်းတင်ကပ်ခွာ”လို့ခေါ်တဲ့ Sheet Mask တွေဟာ ကိုရီးယားလူမျိုးတွေရဲ့ အသားအရေ ထိန်းသိမ်းနည်းတွေထဲမှာ မပါမဖြစ် အသုံးပြုကြတဲ့ အလှကုန်ပစ္စည်း တမျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် တကမ္ဘာလုံး အတိုင်းအတာနဲ့ပါ အသားအရေ ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းအဖြစ် အသုံးပြုလာကြပါတယ်။
ဈေးကွက်ထဲမှာဆိုရင်လည်း Sheet Mask အမျိုးအစားပေါင်းများစွာ ရှိပြီး အခုဖော်ပြပေးမှာကတော့ Sheet Mask တွေ အသုံးပြုတဲ့အခါ သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
(၁) Sheet Mask အသုံးပြုခြင်းဟာ ပုံမှန်သုံးနေကျနဲ့ ပြုလုပ်နေကျ Skincare လိမ်းတာတွေထက် အသားအရေကို ရေဓာတ် ပိုမိုဖြည့်တင်းပေးနိုင်ပြီး အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။
(၂) Sheet Mask ကို အသုံးပြုဖို့ အကောင်းဆုံးအချိန်ကတော့ ညဘက်ပဲဖြစ်ပြီး Scrub ပြုလုပ်ပြီးချိန် သုံံးမယ်ဆိုရင်တော့ အသားအရေအတွက် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ Sheet Mask တွေကို အသက်အရွယ် မရွေး အသုံးပြုနိုင်ပြီး တပတ်မှာ နှစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။
(၃) Sheet Mask ကို အသုံးမပြုခင်မှာ မျက်နှာကို သေချာစွာ သန့်ရှင်းဆေးကြောထားပြီး Toner လိမ်းပြီးမှ အသုံးပြုသင့်ပါတယ်။ ဒါမှသာ Sheet Mask မှာ ပါဝင်တဲ့ အသားအရေအတွက် အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၄) Sheet Mask တွေ အသုံးပြုတဲ့အခါ အရေးကြီးဆုံးအချက်ကတော့ မျက်နှာပေါ်မှာ ကပ်ပြီးရင် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်အထိပဲ ထားဖို့ လိုအပ်ပါတယ်။ အချိန်ကြာကြာ ထားမယ်ဆိုရင် မျက်နှာအသားအရေကို ခြောက်သွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။
(၅) Sheet Mask ကပ်ပြီးတဲ့အခါ မျက်နှာကို ရေနဲ့ပြန်လည်ဆေးကြောပေးစရာ မလိုပါဘူး။ Sheet Mask အထုပ်ထဲမှာပါတဲ့ အရည်တွေနဲ့ မျက်နှာအနှံ့ကို သေချာစိမ့်ဝင်အောင် လိမ်းကျံပေးရုံပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ကပ်စေးစေနည်းမို့ မကြိုက်ဘူးဆိုတဲ့သူများအနေနဲ့လည်း ရေနဲ့သေချာစွာ ပြန်လည်ဆေးကြောပေးပြီး ပုံမှန်လိမ်းနေကျ Skincare တွေ ပြန်လည်လိမ်းပေးနိုင်ပါတယ်။
Ref : m.timesofindia.com/life-style/beauty