မျက်ကပ်မှန်ကို အမြင်အာရုံ ချို့ယွင်းမှုကြောင့် မျက်မှန်တပ်ရသူတွေ မတပ်ချင်တဲ့အခါ တပ်ကြရသလို အခုနောက်ပိုင်းမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ အလှသက်သက် တပ်ဆင်လာကြတာမျိုးလည်း ရှိလာပြီ ဖြစ်ပါတယ်။
မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်တာနဲ့အညီ မျက်ကပ်မှန်ဟာဆိုရင်လည်း မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့တပ်ဆင်ရတာ ဖြစ်တာကြောင့် မျက်ကပ်မှန်တပ်တဲ့အခါ သတိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်ကပ်မှန်ကို သန့်စင်တဲ့ မျက်ကပ်မှန်ဆေးရည်နဲ့ တခြားသော မျက်ကပ်မှန်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို ဆရာဝန်ညွှန်ကြားမှုနဲ့ အသုံးပြုခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ အလှတပ်ဆင်တာမျိုး ဆိုရင်တောင် မျက်ကပ်မှန်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို ဆရာဝန်ညွှန်ကြားတဲ့ အမျိုးအစားနဲ့ တံဆိပ်ကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။
(၂) မျက်လုံးနားမှာ လိမ်းခြယ်ရတဲ့ eye makeup တွေကို မျက်ကပ်မှန်တပ်ပြီးမှသာ လိမ်းခြယ်သင့်ပါတယ်။ နောက်ထပ် သတိပြုရမှာ တခုကတော့ eye makeup တွေကို သုံးလနဲ့အထက် သက်တမ်းကျော်နေပြီဆိုရင် အသုံးမပြုသင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ မျက်လုံးတဝိုက် လိမ်းခြယ်ရတာဖြစ်တာကြောင့် ဘက်တီးရီးယားတွေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
(၃) မျက်ကပ်မှန် တပ်ဆင်ပြီး အိပ်ရာဝင်ခြင်းဟာ မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေနိုင်ပြီး မျက်လုံးတွေဟာ အောက်ဆီဂျင် အပြည့်အဝ မရရှိခြင်းကြောင့် မျက်လုံးအောင့်တာမျိုးနဲ့ အမြင်အာရုံ ထိခိုက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
(၄) မျက်ကပ်မှန်တပ်ပြီး ရေကူးတာမျိုးနဲ့ ရေချိုးတဲ့အခါ မျက်ကပ်မှန် မဖြုတ်ဘဲ ရေချိုးခြင်းတို့ဟာ ရေထဲမှာပါဝင်တဲ့ Acanthamoeba ကြောင့် မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်ပြီး မျက်စိနာတာ၊ မျက်လုံးနီမြန်း ရောင်ရမ်းတာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
(၅) မျက်ကပ်မှန် တပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ လက်ကိုသေချာစွာ သန့်ရှင်းအောင်ဆေးကြောဖို့ပဲဖြစ်ပြီး လက်ဆေးပြီးပြီဆိုရင်လည်း ခြောက်သွေ့အောင် သုတ်ပြီးမှ မျက်ကပ်မှန်ကို ကိုင်တွယ်အသုံးပြုသင့်ပါတယ်။ မျက်ကပ်မှန် ထည့်သိမ်းတဲ့ ဘူးကိုလည်း သေချာစွာ ပုံမှန်ဆေးကြောပေးဖို့ လိုအပ်သလို မျက်ကပ်မှန်ကိုလည်း မျက်ကပ်မှန်ဆေးရည်နဲ့ ပုံမှန်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
Ref : listaka.com