နည်းပညာတွေ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ လုပ်ငန်းခွင် အချိန်မှာပဲဖြစ်ဖြစ်၊ မိမိရဲ့ကိုယ်ပိုင် အားလပ်ချိန်တွေမှာပဲဖြစ်ဖြစ် နေ့စဉ်ရက်ဆက် ဆိုသလို စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ အသုံးပြုနေကြရပါတယ်။
နည်းပညာရဲ့လွှမ်းမိုးမှုအောက်မှာ အချိန်ပြည့်နီးပါး မျက်လုံးတွေဟာ အသုံးပြုနေရတာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) သခွားသီး
အိမ်ရဲ့ မီးဖိုချောင်မှာ အလွယ်တကူရှိတဲ့ သခွားသီးကို အစိတ်လေးတွေအဖြစ် ပါးပါးလှီးကာ ရေခဲသေတ္တာထဲ ခဏထည့်ထားပြီး ညောင်းညာနေတဲ့ မျက်လုံးတွေပေါ်ကို ကပ်ပေးခြင်းအားဖြင့် မျက်လုံးပူတာ၊ မျက်ရိုးကိုက်တာတွေနဲ့ မျက်စိညောင်းညာတာတွေကို ထိထိရောက်ရောက် သက်သာစေပါတယ်။
(၂) လက်ဖက်ခြောက်ထုပ် (Tea bags)
ရေနွေးသောက်ပြီးတဲ့အခါ ကျန်တဲ့ လက်ဖက်ခြောက်ထုပ် Tea bags လေးတွေကို မလွှင့်ပစ်ဘဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး မျက်လုံးမှာ ကပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုတာနဲ့ မျက်လုံးနီမြန်း ရောင်ရမ်းတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။
(၃) အာလူး
ညဘက်တွေမှာ ဖုန်းအသုံးပြုမှုများတာကြောင့် မနက်အိပ်ရာ အထမှာ မျက်ရိုးတွေ ကိုက်ခဲနေတာမျိုးနဲ့ အိပ်ရေးမဝတဲ့ အခါမှာဖြစ်တတ်တဲ့ မျက်တွင်းတွေ ချိုင့်ပြီး မျက်ကွင်းညိုနေတာမျိုးတွေအတွက် အာလူးကို ပါးပါးလှီးပြီး မျက်လုံးပေါ် ၁၅ မိနစ်ခန့် ကပ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၄) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ဟာ အလှအပနဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက ညောင်းညာနေတဲ့ မျက်လုံးအတွက်ပါ အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ်ဂျယ် အနည်းငယ်ကို ဂွမ်း ဒါမှမဟုတ် Cotton Pad ပေါ် အနည်းငယ် သုတ်လိမ်းကာ မျက်လုံးတွေပေါ် ၁၅ မိနစ်ခန့်ကပ်ပြီး ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် မျက်လုံးတွေကို အေးမြစေမှာပါ။
Ref ; food.ndtv.com