Disney ကာတွန်းကားထဲက Repunzel မင်းသမီးလေးရဲ့ ဆံပင်တွေလိုမျိုး ရှည်လျားသန်စွမ်းမှုကြောင့် Instagram မှာ Follower ၅သန်းကျော်နဲ့ ရေပန်းစားနေတဲ့ ဒီအမျိုးသမီးလေးဟာဆိုရင် ရုရှားနိုင်ငံသူဖြစ်ပြီး Anastasiya Sidorava လို့ အမည်ရပါတယ်။
လက်ရှိမှာတော့ သူမရဲ့ ရှည်လျားသန်စွမ်းလှတဲ့ ဆံကေသာ အလှအပကြောင့် နာမည်ကြီး Hair Care Brand အများစုနဲ့ စာချုပ်ချုပ်ဆိုထားပြီး ဒီလိုမျိုး သန်စွမ်းရှည်လျားတဲ့ ဆံကေသာတွေ မရခင်မှာ သူမဟာ Alopecia လို့ခေါ်တဲ့ ဆံပင်အကျွတ်လွန်ရောဂါကို ခံစားခဲ့ရဖူးတယ်လို့ သိရပါတယ်။
ဒီရောဂါကြောင့်ပဲ သူမဟာ ဆံကေသာကျန်းမာရေးကို အရင်ကထက် ပိုမိုဂရုစိုက်ဖြစ်လာပြီး အခုလိုမျိုး ရှည်လျားသန်စွမ်းတဲ့ ဆံကေသာတွေကို ရရှိခဲ့တာကြောင့် သူမရဲ့ ဆံကေသာထိန်းသိမ်းနည်းတွေကို ဧရာဝတီရဲ့ စာဖတ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ခေါင်းလျှော်ပြီးပြီးချင်း Hair Dryer ကိုအသုံးပြုခြင်းဟာ ဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အကြီးမားဆုံး အချက်တချက်ဖြစ်တာကြောင့် ခေါင်းလျှော်ပြီး ဆံသားတွေ ၆၀ ရာခိုင်နှုန်းခန့် ခြောက်သွေ့လောက်တဲ့အချိန်မှ Hair Dryer ကို အသုံးပြုပြီး အခြောက်ခံဖို့ သူမက အကြံပြုထားပါတယ်။
(၂) ဆံပင်တွေကို မကြာခဏဆိုသလို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက် ပြုလုပ်ခြင်းဟာ ဦးရေပြားအဆီကို ခမ်းခြောက်စေပြီး ဆံပင်ကျွတ်ခြင်းကို ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
(၃) ဆံပင်တွေ အဖျားနှစ်ခွဖြစ်တဲ့အခါတိုင်း မနှမြောဘဲ ညှပ်ထုတ်ပစ်ဖို့ သူမက အကြံပြုထားပြီး ဆံပင်တွေ ဆိုးဆိုးရွားရွား ကျွတ်တဲ့အခါမျိုးမှာ ဆိုရင်လည်း ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေကို ပြုလုပ်ပေးတဲ့ Center တွေကို သွားဖို့လိုအပ် ကြောင်း ပြောဆိုထားပါတယ်။
(၄) ဗီတာမင်ဒီဟာ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေကို ရရှိစေဖို့ အကောင်းဆုံးအာဟာရဓာတ်ဖြစ်တာကြောင့် ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေ များများစားသောက်ပေးသင့်တဲ့အပြင် နေရောင်ခြည်မှာလည်း ဗီတာမင်ဒီဓာတ် ပါဝင်တာကြောင့် မနက်ခင်းနေရောင်ခြည်မှာ ဆံသားတွေကို ၁၀ မိနစက်နေ ၁၅ မိနစ်ခန့်အထိ နေရောင်ခြည်နဲ့ ထိတွေ့ပေးလေ့ရှိတယ်လို့ သူမက ဆိုပါတယ်။
Ref. www.msfullhair.com