တချို့တွေဟာ အလုပ်ကို မနားမနေကို ကြိုးစားကြပါတယ်။ လူတကာ အလုပ်ပိတ်လို့ နားနေရင်တောင် စိတ်နဲ့ လူကို အနားမပေးတာမျိုးတွေ ပြုလုပ်လေ့ ရှိကြပြီး ကျောင်းတက်နေသူတွေဟာလည်း ကျောင်းစာကို နေ့မနား၊ ညမအား လုပ်တတ်ကြပါတယ်။
ဒီလိုအချိန်တွေမှာ ပင်ပန်းတာ၊ စိတ်ဖိအားများတာတွေကို ခံစားရပေမယ့် တရက် နှစ်ရက်လောက် နားလိုက်ရင် သက်သာသွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ အခုပြောပြမယ့် လက္ခဏာတွေကတော့ သင်အမှန်တကယ် အနားယူဖို့ သင့်ပြီလို့ ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
(၁) နေ့တိုင်း ခေါင်းကိုက်ခြင်း
ခန္ဓာကိုယ်က သတိပေးလေ့ ရှိတဲ့ အရာတခုက ခေါင်းကိုက်တာပါ။ သင်အလုပ်တခုကို အာရုံစူးစိုက်ပြီး လုပ်နေရင် ခေါင်းကိုက်လာတာတွေ မကြာခဏ ဖြစ်တတ်ပါသလား။ ဒါဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ၃၊ ၄ လလောက်မှာ တခါ တခေါင်းကိုက်တာက ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ရက်ဆက် ဆိုရင်တော့ သင်ဂရုစိုက်ဖို့ လိုပါပြီ။ နေ့တိုင်း ခေါင်းကိုက်တာက ကြာလာရင် အသက်အန္တရာယ်ရှိအထိ ဖြစ်နိုင်ပါတယ်။
(၂) အစာချေဖျက်မှု ပုံစံ မမှန်ခြင်း
သင့်ဦးနှောက်က မပျက်မကွက် အလုပ်လုပ်တာတွေ များလာရင် သင့်ရဲ့ အစာချေစနစ်က အလုပ်ပုံမှန်လုပ်မှာ မဟုတ်တော့ပါဘူး။ အစာချေစနစ် ပုံမှန် အလုပ်မလုပ်ခြင်းအားဖြင့် အူမကြီးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အစာအိမ်ကင်ဆာတွေ ဖြစ်ပွားနိုင်လို့ အစာချေဖျက်မှု ပုံစံ မမှန်တာတွေ ကြုံတွေ့ရပြီဆိုရင် အနားယူဖို့ တိုက်တွန်းချင်ပါတယ်။
(၃) မကြာခဏ ဖျားနာခြင်း
စိတ်ဖိစီးမှုဟာ သင့်နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ သွေးလည်ပတ်မှု ပုံစံအရ နှလုံးခုန်နှုန်းမြန်လာရင် သွေးဖိအားကို တိုးစေပါတယ်။ ဒီလို သွေးဖိအားများတာက သင့်ကို ပိုပြီး အဖျားကူးစက်ဖို့ လွယ်ကူပါတယ်။
(၄) ရုတ်တရက် ဝ လာခြင်း
မကြာခဏဆိုသလို စိတ်ဖိအားများတဲ့ ခံစားချက်ကို ခံစားရတာဟာ သင့်ကို ကိုယ်အလေးချိန် ရုတ်ချည်း တိုးလာစေပါတယ်။ ဒီလိုဖြစ်ရတာဟာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်ပြီး စိတ်ဖိအားများတဲ့ ဒဏ်ကိုခံရတာကြောင့် သင့်စိတ်က သင့်နံဘေးနားမှာ ရှိတဲ့ အရာတိုင်းကို စားချင်စိတ်ဖြစ်ပေါ်လာစေပါတယ်။
သင်စိတ်ချမ်းသာရင် ပြီးရောဆိုပြီး တွေ့ရာကို စားရင်းနဲ့ သင်ကိုယ်အလေးချိန် တိုးလာတာဟာလည်း သင့်ခန္ဓာကိုယ်က သင့်ကို အနားယူဖို့ ပြောနေတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။
(၅) လိင်စိတ် အားနည်းလာခြင်း
ဦးနှောက်ဟာ ဖိအားများများနဲ့ အလုပ်လုပ်ရတဲ့ အခါမှာ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာအလုပ်လုပ်မှု နည်းလာပါတယ်။ ဒါတွေဟာ အမျိုးသားရော၊ အမျိုးသမီးတွေမှာပါ ဖြစ်ပွားတတ်ပြီး တခါတလေမှာ လိင်စိတ်ကုန် ခမ်းသည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ့်ရဲ့ လက်တွဲဖော်ကို အမှန်အတိုင်းပြောပြသင့်ပြီး လက်တွဲဖော်ကနေလည်း နားလည်မှုပေးဖို့ လိုအပ်ပါတယ်။
စိတ်ဖိအားများတာကို လျော့ချနိုင်အောင် တရားထိုင်ခြင်း၊ ခရီးထွက်ခြင်း၊ ကျွမ်းကျင်ဆရာဝန်များနဲ့ ပြသခြင်းတို့ကို ပြုလုပ်ရင် ပုံမှန်ပြန်ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
Ref; mmn.com