ခြေစွယ်ငုပ်ခြင်းဟာ ခံရခက်တဲ့ နာကျင်မှု ဝေဒနာတမျိုးဖြစ်ပြီး ခြေသည်း ပုံမှန် မညှပ်တာ၊ ညှပ်တဲ့အခါ ပုံစံ မကျတာနဲ့ တင်းကျပ်လွန်းတဲ့ ဖိနပ်နဲ့ ခြေအိတ်တွေ ဝတ်ဆင်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
ခြေစွယ်ငုပ်တာကနေတဆင့် ပိုးဝင်တာမျိုးနဲ့ ပြည်တည်တာမျိုးတွေ မဖြစ်ပေါ်သေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝပစ္စည်းတွေ အကူအညီနဲ့ ပျောက်ကင်းသက်သာအောင် ပြုလုပ်နိုင်ပါတယ်။
(၁) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါဟာ သဘာဝ ပိုးသတ်ဆေးတမျိုးဖြစ်ပြီး ခြေစွယ်ငုပ်ရာကနေတဆင့် ပိုးဝင်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောကာ ခပ်ပျစ်ပျစ် အနေအထား ရအောင် ဖျော်စပ်ပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေပါတယ်။
(၂) အုန်းဆီ
အုန်းဆီမှာ ပါဝင်တဲ့ Lauric အက်ဆစ်နဲ့ Caprylic အက်ဆစ်ဓာတ်တို့ဟာ ခြေစွယ်ငုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ မှိုတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်တာကြောင့် ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို အုန်းဆီ တနေ့ ၃ ကြိမ်ခန့် လိမ်းပေးခြင်းအားဖြင့် သက်သာလာစေပါတယ်။
(၃) နနွင်း
မီးဖိုချောင်မှာ အလွယ်တကူ ရှိတဲ့ နနွင်းဟာဆိုရင် ခြေစွယ်ငုပ်တဲ့အခါ ဖြစ်ပေါ်တဲ့ နာကျင်ရောင်ရမ်းပြီး တင်းကျပ်ကျပ် ဖြစ်နေတာတွေကို သက်သာစေနိုင်ပါတယ်။ သန့်စင်တဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ကာ တနေ့ ၂ ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။
(၄) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်ရောင်ရမ်းခြင်းကို အလျင်မြန်ဆုံး သက်သာပျောက်ကင်း စေနိုင်တဲ့ သဘာဝပစ္စည်းတမျိုးပါ။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ် သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းကျံပေးနိုင်ပါတယ်။
(၅) ဆား
ခြေစွယ်ငုပ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့အတွက် ရေနွေးထဲ ဆားထည့်ပြီး ၁၅ မိနစ်ခန့် ခြေထောက်ကို စိမ်ပေးခြင်းအားဖြင့် သိသိသာသာ သက်သာစေပါတယ်။
Ref : www.stylecraze.com