ရာသီဥတုအကူးအပြောင်းမှာ ကလေး၊ လူကြီးတော်တော်များများ နှာချေ ၊ ချောင်းဆိုး၊ မျက်ရည်ပူကျခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်းတွေကို ခံစားရပါတယ်။ ပိုပြင်းထန်ရင်တော့ အအေးမိရာကနေ တုပ်ကွေးဖြစ်သွားနိုင်ပါ တယ်။
အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါက လေထဲက ဗိုင်းရပ်စ်ကတဆင့်ဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်လို့ ဒီလက္ခဏာတွေ ပြတိုင်း ပဋိဇီဝဆေးတွေ သောက်စရာမလိုပါဘူး။
အဖျားရောဂါမပြင်းထန်ပဲနဲ့ ပိုးသတ်ဆေးပြင်းတွေသောက်မိရင် ကိုယ်တွင်းက လူကိုထိခိုက်စေတဲ့ ပိုးမွှားတွေသာမက အကျိုးပြုပိုးတွေပါ သေဆုံးရပါတယ်။ တဖြည်းဖြည်း ကိုယ်တွင်းအကျိုးပြုပိုးမွှားတွေမရှိတော့ရင် ပြင်ပကထပ်ဝင်လာမယ့် အဖျက်ပိုးတွေရန်က မကာကွယ်နိုင်တော့ပဲ ကိုယ်ခံအားနည်းပြီး အလွယ်တကူရောဂါဆိုးတွေ ဝင်လာနိုင်တဲ့အပြင့် ဆေးယဉ်ပါးခြင်းဆိုတဲ့ အကျိုးဆက်ကိုပါ ခံစားရနိုင်ပါတယ်။
ဒီ့ပြင် မလိုအပ်ဘဲ ပဋိဇီဝဆေးပြင်းတွေ သောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဓာတ်မတည့်ခြင်း၊ အဖုအ ပိမ့်ထွက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားခြင်းနဲ့ မှိုရောဂါတွေပါ ခံစားရတတ်ပါတယ်။ အဆိုပါ ဘေးထွက်ဆိုး ကျိုးတွေမခံစားရအောင် အအေးမိတယ်ဆိုရင် ကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်အောင် အပြည့်အဝအနားယူ သင့်ပါတယ်။
အပြင်ကို မလိုအပ်ရင်မထွက်ပဲ အိမ်ထဲမှာ အလင်းရောင်ကောင်းပြီး နွေးနွေးထွေးထွေး အနားယူနိုင်မယ့်နေရာမှာ နေပါ။ စိတ်အေးချမ်းအောင် တရားထိုင်ခြင်း၊ စာဖတ်ခြင်းနဲ့ သီချင်းနားထောင်တာတွေ လုပ်ပါ။
အအေးမိခြင်းအတွက် အကောင်းဆုံး အိမ်တွင်းကုထုံးနည်းကတော့ ရေနွေးပူပူလေးထဲမှာ ပျားရည်၊ သံပုရာရည်ညှစ်ပြီး မကြာခဏ သောက်ပါ။ ချောင်းဆိုးတယ်ဆိုရင် ဂျင်းပြုတ်ရည် သောက်ပါ။
အသီးအနှံတွေကလည်း အအေးမိတာကို အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင်ခြင်းလို့ခေါ်တဲ့ antioxidant အများဆုံးပါတဲ့ ပန်းသီးကတော့ အအေးမိခြင်းအတွက် စူပါအစားအစာပါ။ ဗီတာမင် စီ ၂၅၀ ဂရမ်ပါဝင်တဲ့ သင်္ဘောသီးအပြင် ဘယ်ရီသီး၊ ဂရိတ်ဖုသီး၊ ငှက်ပျောသီးတွေကလည်း အအေးမိဖျားနာတာကို သက်သာစေပြီး ကိုယ်ခံအားစနစ် ပိုကောင်းစေပါတယ်။
အသီးအနှံတွေတင်မကပဲ အစိမ်းရောင်အရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ကွေကာအုပ်၊ ကြက်ပြုတ်ရည်၊ ကြက်သွန်ဖြူ နဲ့ ဒိန်ချဉ် ကလည်း အအေးမိတုပ်ကွေးဖြစ်တဲ့အခါ စားပေးသင့်ပါတယ်။
ရှောင်ရမယ့်အစားအစာတွေကတော့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေက ချွဲသလိပ်ဖြစ်လွယ်လို့ အတတ်နိုင်ဆုံး မစားတာ ကောင်းပါတယ်။ ကဖင်းဓာတ်များတဲ့ ကော်ဖီနဲ့ အရက်ကိုလည်း အအေးမိဖျားနာတဲ့အခါ မသောက်သုံးသင့်ပါဘူး။
သင့်ကိုယ်ခံအားစနစ်ကောင်းစေမယ့် အစားအစာတွေ၊ အသီးအနှံတွေ၊ ပြုတ်ရည်တွေ သောက်မယ်၊ အပြည့်အဝ အနားယူမယ်ဆိုရင် ကိုယ်တွင်းဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တာမို့ နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေးတွေ အလွန်အကျွံမသောက်ဖို့ တိုက်တွန်းချင်ပါတယ်။
Ref: Emma Deangela