တနေ့တာလုံး လှုပ်ရှားရုန်းကန်လာရနေရတဲ့ တနေ့တာအတွက် ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးဝဝ အိပ်ချင်စိတ် ဖြစ်ပေါ်လေ့ ရှိတတ်ပေမယ့် အအိပ်လွန်သွားတဲ့ အခါမှာတော့ ကျန်းမာရေးကို ထိခိုက်စေတတ်တဲ့ ပြဿနာအချို့ရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ အအိပ်လွန်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရင်ဘတ်အောင့်ခြင်း၊ နှလုံးအောင့်ခြင်း
အရွယ်ရောက်ပြီးသူတွေအနေနဲ့ ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ဖို့လိုအပ်ပေမယ့် အအိပ်လွန်ခြင်းနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူချက်တွေမှာတော့ ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေတွေကိုတွေ့ရှိခဲ့ရပါတယ်။ Chicago ဆေးကျောင်းကနေ သုတေသနပညာရှင်တွေ တွေ့ရှိခဲ့တာကတော့ ၈ နာရီထက် အအိပ်လွန်သူတွေဟာ ညဘက်တွေမှာ ရင်ဘတ်အောင့်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး အဲဒီထဲကမှ ၁၀ ရာခိုင်နှုန်းဟာ နှလုံးအောင့်ခြင်းကို ခံစားကြရတယ်လို့ ဖော်ပြထားပါတယ်။
တဖြည်းဖြည်း အအိပ်လွန်လာတာ အချိန်ကြာလာတာနဲ့အမျှ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားဖို့ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး ၄၆ ရာခိုင်နှုန်းကတော့ နှလုံးအပြင် လေဖြတ်တဲ့ဝေဒနာကိုပါ ခံစားကြရတယ်လို့ မှတ်တမ်းတွေက ဆက်လက် ဖော်ပြထားပါတယ်။
(၂) အအိပ်လွန်တဲ့အခါ အမှန်တကယ် အပန်းဖြေမှု မရနိုင်
အအိပ်လွန်တဲ့အတွက်ကြောင့် သာမန်အိပ်ချိန်တွေကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက်ကြောင့် အမှန်တကယ် အိပ်စက်အနားယူတဲ့အခါမှာ ခန္ဓာကိုယ်ဟာ ပြည့်စုံလုံလောက်တဲ့ အပန်းဖြေမှုကို မရရှိနိုင်တော့ပါဘူး။ အအိပ်အနေ နည်းတဲ့အခါမှာတော့ အစာအိမ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပွားနိုင်သလို အိပ်စက်တဲ့ ပတ်ဝန်းကျင်ဟာ အနည်းငယ်မှောင်နေသင့်ပါတယ်လို့ စိတ်ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ Michael J. Breus က ရှင်းပြခဲ့တာဖြစ်ပါတယ်။
(၃) စိတ်ကျခြင်း
အအိပ်လွန်ခြင်းနဲ့ အအိပ်အနေနည်းခြင်းတွေမှာ တူညီတဲ့ ကျန်းမာရေးပြဿနာ လက္ခဏာတွေရှိနေတတ်တာဖြစ်ပြီး အသက်ရှုကျပ်ခြင်း၊ စိတ်ကျခြင်းတို့ကို ဖြစ်ပွားစေနိုင်တာပဲဖြစ်ပါတယ်။ California တက္ကသိုလ်ရဲ့ Cognition ဓာတ်ခွဲခန်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Elizabeth McDevitt ကတော့ အိပ်စက်ခြင်းရဲ့ အစွန်းနှစ်ဖက်လုံးမှာ တခုခုနဲ့ ကြုံတေ့ွနေရပြီဆိုရင် လူတွေဟာ စိတ်အထိအခိုက်မခံနိုင်တော့ဘဲ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ လှုပ်ရှားမှုနည်းပါးလာမှာဖြစ်ကြောင်း သူ့ရဲ့သုတေသနမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
(၄) ခေါင်းကိုက်ခြင်း
အအိပ်လွန်တဲ့အခါ နောက်ထပ်ဖြစ်ပေါ်လာတတ်တဲ့ ကျန်းမာရေးပြဿနာကတော့ ခေါင်းတခြမ်းကိုက်တာမျိုးနဲ့ ခေါင်းမကြာခဏ ကိုက်ခဲတတ်တာမျိုးပဲဖြစ်ပါတယ်။ ခေါင်းကိုက်တဲ့ လက္ခဏာဟာလည်း အအိပ်အနေနည်းခြင်း၊ အအိပ်လွန်ခြင်း နှစ်ခုလုံးကြောင့် ဖြစ်ပွားနိုင်တာဖြစ်ပြီး မနက်လင်းခါနီးမှ အိပ်ပျော်တတ်သူတွေအဖို့ တနေ့တာကို ပြန်လည်စတင်ဖို့အတွက် ကော်ဖီနဲ့ အခြားအားဖြည့်အချိုရည်တွေကို သောက်သုံးရတဲ့အတွက်ကြောင့် အခုလို ခေါင်းကိုက်ဝေဒနာတွေဖြစ်ပေါ်စေနိုင်တာပဲဖြစ်ပါတယ်။
Ref: www.rd.com