အမေရိကန်နိုင်ငံ ကင်ဆာဆိုင်ရာ သုတေသနအဖွဲ့အစည်းက ပြုလုပ်ခဲ့တဲ့ နောက်ဆုံး လေ့လာချက်အရ ကမ္ဘာ့အကျန်းမာဆုံး လူသားတွေအဖြစ် သတ်မှတ်ခြင်းခံရသူတွေဟာ Gym တွေ သွားလေ့ မရှိကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒီသုတေသန လေ့လာချက်ဟာဆိုရင် Gym သွားမှ ခန္ဓာကိုယ် ကျန်းမာမယ်ဆိုတဲ့ ယေဘူယျအားဖြင့် ထင်မြင်ထားတဲ့ အတွေးတွေကို ဖျောက်ဖျက် ပစ်နိုင်လိုက်ပါတယ်။ တကယ်တော့ Gym တွေဟာ ခန္ဓာကိုယ်ကျန်းမာဖို့ထက် ခန္ဓာကိုယ် တောင့်တင်း လှပစေဖို့အတွက်သာ အဓိကထား အထောက်အကူပြုတာ ဖြစ်တယ်လို့လည်း သုတေသန ပြုလုပ်သူတွေက ဆိုပါတယ်။
ကမ္ဘာ့အကျန်းမာဆုံး လူပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ခံထားရသူတွေဟာ နေ့စဉ်လမ်းလျှောက်လေ့ကျင့်ခန်းကိုသာ စွဲစွဲမြဲမြဲ ပြုလုပ်တတ်ကြသူတွေဖြစ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက် ပုံစံစနစ်ကို စားသုံးတဲ့ အတွက်ကြောင့်လည်း အသက်ရှည် ကျန်းမာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဟားဗတ်ဆေးတက္ကသိုလ်ကနေ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တွေအရ တပတ်ကို ၆ နာရီခန့် လမ်းလျှောက်သူတွေဟာ ကျန်းမာအသက်ရှည်ကြပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာတွေနဲ့ လေဖြတ်ရောဂါ ဖြစ်ပွားခြင်းတို့ကနေ ၃၂ ရာခိုင်နှုန်းခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
နေ့တိုင်းနေ့တိုင်းမှာ လမ်းလျှောက်လေ့ကျင့်ခန်းကို မိနစ် အနည်းငယ်ခန့် အချိန်ပေးပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ Gym တွေကို အချိန်ပေးသွားနေစရာမလိုအောင် ကျန်းမာရေးအကျိုးကျေးဇူးနဲ့ ပြည့်စုံစေမှာ ဖြစ်တယ်လို့လည်း သုတေသနထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တနေ့တာမှာ ကွန်ပျူတာနဲ့ အလုပ်စားပွဲပေါ်မှာပဲ အချိန်ကုန်နေရသူတွေအနေနဲ့တော့ လမ်းလျှောက် လေ့ကျင့်ခန်းကို အချိန်အနည်းငယ် ပြုလုပ်ပေးခြင်းအားဖြင့် အမြင်အာရုံအတွက်လည်း အထောက်အကူဖြစ်စေသလို ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ကင်ဆာဆိုင်ရာ သုတေသနအဖွဲ့အစည်းရဲ့ ဒါရိုက်တာ ပါရဂူ Alpa Patel က ဆိုပါတယ်။
တနေ့မှာ မိနစ် ၃၀ ခန့်အချိန်ပေးပြီး လမ်းလျှောက်လေ့ကျင့်ခန်း အပါအဝင် ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးခြင်းအားဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အရိုးပွရောဂါနဲ့ အဝလွန်ခြင်းတွေကို ကာကွယ်ပေးနိုင်မယ်လို့လည်း လေ့လာမှုဆိုင်ရာ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
Ref : m.timesofindia.com