ယနေ့ခေတ်မှာ နည်းပညာ ခေတ်မီလာတာနဲ့အမျှ နောက်ဆုံးပေါ်နည်းပညာတွေကို ကလေးငယ်လေးတွေကအစ ထိတွေ့ခွင့်ရလာကြပါပြီ။
အရင်ခေတ်က နည်းပညာအသစ်အဆန်းတွေ မပေါ်သေးတာမို့လို့ စမတ်ဖုန်းတွေနဲ့ ကလေးဘဝကတည်းက ထိတွေ့မှု မရှိခဲ့တဲ့ လူကြီးတွေက အခုခေတ် ကလေးတွေ စမတ်ဖုန်းနဲ့ ယဉ်ပါးနေတာကို လက်ခံတဲ့သူလည်းရှိသလို သဘောမကျတဲ့သူလည်း ရှိပါတယ်။
ရိုးရိုးအမြင်နဲ့ သဘောကျတယ်၊ မကျဘူး ငြင်းခုံနေတာကို ခဏထားခဲ့ပြီး သိပ္ပံနည်းအရ လေ့လာချက်တွေဘက် လှည့်ရအောင်။
ဆန်ဒီယာဂိုတက္ကသိုလ်နဲ့ ဂျော်ဂျီယာတက္ကသိုလ်တို့ ပူးပေါင်းလေ့လာခဲ့တဲ့ လေ့လာချက်မှာ ကလေးငယ်လေးတွေဟာ တနေ့ကို တနာရီလောက်ပဲ စမတ်ဖုန်း ဒါမှမဟုတ် tablet ကို ကြည့်ရုံနဲ့ ကလေးတွေမှ ာခံစားရတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ချေ များနေပါပြီ။
လေ့လာသူတွေက ကလေးဘဝမှာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျရောဂါတွေ ခံစားနေရတဲ့ ကလေးငယ်လေးတွေမှာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု မရှိတာ၊ စူစမ်းလေ့လာလိုစိတ် အားနည်းတာ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့ရဲလာတာ၊ လုပ်ဆောင်ရမယ့် တာဝန်တွေကို မပြီးမြောက်တာမျိုးတွေ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီအချက်တွေက ကလေးငယ်တွေအတွက်ပဲ မဟုတ်ပါဘူး။ လူကြီးတွေဆိုလည်း ပုံမှန်ထက် လက်ကိုင်ဖုန်း အသုံးပြုချိန် များတယ်ဆိုရင် ဒီလိုလက္ခဏာတွေ ထပ်တူခံစားရပါတယ်။
ဒေးလီးမေးလ် သတင်းစာမှာ ဖော်ပြချက်အရ အသက် ၂ နှစ်အောက်ကလေးငယ်တွေကို နေ့စဉ် စမတ်ဖုန်းနဲ့ ထိတွေ့ခွင့် ပေးနေမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ရေးသားထားပါတယ်။ စစ်တမ်းတွေအရ ဆယ်ကျော်သက်တွေဆိုလည်း သူတို့ရဲ့တနေ့တာ အချိန်တော်တော်များများကို စမတ်ဖုန်းတွေသုံးရင်း ကုန်ဆုံးကြတယ်လို့ ဆိုပါတယ်။
၁၀ နှစ်အောက်ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးကြီးထွားနေဆဲ အရွယ်မို့ စမတ်ဖုန်းတွေ အသုံးပြုခွင့်ပေးထားခဲ့ရင် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးသွားပြီး တခြားကလေးတွေထက် ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျနိုင်သလို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ မျက်စိဝေဒနာကိုပါ ဆိုးဆိုးဝါးဝါး ခံစားရပါတယ်။
စိတ်ပညာဆရာဝန်တွေရဲ့ ပြောပြချက်အရ ကလေးဘဝမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ ဝေဒနာရှင်တွေရဲ့ ထက်ဝက်ကျော်လောက်ဟာ မိဘတွေက ကလေးတွေကို စမတ်ဖုန်းထိတွေ့ခွင့်ပေးရာက စတင်ကြတာလို့ ဆိုပါတယ်။
ဒါကြောင့် အရင်ခေတ်နဲ့ ယနေ့ခေတ် ကလေးငယ်တွေရဲ့ အားလပ်ချိန် ကုန်ဆုံးပုံတွေ ကွဲလွဲလာရာကတဆင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေ အဖြစ်များလာမှာကို စိုးရိမ်လာကြပါပြီ။
ဒီပြဿနာကို လျော့ချဖို့အတွက်ဆိုရင် မိသားစုအားလုံးမှာ တာဝန်ရှိပြီး အထူးသဖြင့် မိဘတွေက ကလေးတွေ တီဗီကြည့်ချိန်လျော့ချပြီး စာဖတ်ခိုင်းတာမျိုး၊ အပြင်လောကနဲ့ ပိုထိတွေ့ခွင့်ရအောင် ကိုယ်လက်လှုပ်ရှား အားကစား လုပ်ခိုင်းတာမျိုး၊ တခြား ဗဟုသုတရစေမယ့် အကြောင်းအရာတွေဘက် ဆွဲခေါ်တာမျိုး များများလုပ်ပေးနိုင်ရင် ကလေးတွေ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်တာမျိုး လျော့နည်းသွားနိုင်ပါတယ်။
ဆယ်ကျော်သက်တွေကိုလည်း စမတ်ဖုန်း လုံးဝ မသုံးရဘူးလို့ ပိတ်ပင်လိုက်တာထက် တနေ့ကို တနာရီ ဒါမှမဟုတ် ၂ နာရီလောက် အကန့်အသတ်နဲ့ သုံးခိုင်းတာမျိုး လုပ်သင့်ပါတယ်။
ဆိုရှယ် မီဒီယာဆိုဒ်တွေပေါ်မှာ အချိန်ကုန်နေတာက် အကျိုးရှိမယ့် အကြောင်းအရာတွေ လေ့လာချင်အောင် လမ်းညွှန်ပေးဖို့လည်း လိုအပ်တယ်လို့ လေ့လာသူ ပါမောက္ခ တွီငယ်က အကြံပြုထားပါတယ်။