စိတ်ဖိစီးမှုတွေ များနေတဲ့ ဒီနေ့ခေတ်ကြီးမှာ မှတ်ဉာဏ်ပြဿနာတွေ အများဆုံးကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေတွေကို ဖြေလျော့နိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပြန်ပါတယ်။ နေ့စဉ်လုပ်နေကျ အပြုအမူတွေကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ သတိမေ့တာမျိုးတွေ လျော့နည်းသွားပြီး အရင်လို ဉာဏ်ရည် ပြန်သွက်လာပါလိမ့်မယ်။
ပြောင်းပြန်လှုပ်ရှားမှုတွေက သင့်ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်း တခုပါ။ ပုံမှန်သွားတိုက်နေကျ ညဘက်လက်အစား ဘယ်ဘက် ပြောင်းတိုက်တာမျိုး၊ သွားတိုက်ဆေးညှစ်တာကအစ ကိုယ်မသန်တဲ့ဘက်ကို သုံးပေးတဲ့အခါ ဦးနှောက်ဆဲလ်တွေကို နိုးကြားစေပါတယ်။
ရေချိုးတဲ့အခါ မျက်စိမှိတ်ပြီး လက်နဲ့ပဲ ထိတွေ့ လှုပ်ရှားပြီး ချိုးကြည့်ပါ။ အမြင်အာရုံထက် အထိအတွေ့အပိုင်းနဲ့ မြင်အောင် လုပ်နိုင်တာကလည်း သင့်ဦးနှောက်ကို အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ မျက်စိမှိတ်ပြီး ရေချိုးသလိုပဲ ခေါင်းလျှော်တာ၊ မုတ်ဆိတ်ရိတ်တွေမှာလည်း မျက်စိမှိတ်ထားပြီး မျက်လုံးထဲပေါ် အောင် ပုံဖော်ရင်းလုပ်ကြည့်ပါ။
မနက်နိုးတာနဲ့ နေ့စဉ်လုပ်မြဲအလုပ်တွေက သင့်ဦးနှောက်အတွက် ဘာမှ မထူးခြားစေပါဘူး။ နေ့စဉ်လုပ်နေကျမို့ ခေါင်းကနေ စဉ်းစားစရာတောင် မလိုဘဲ အလိုလို လုပ်မိရက်သားဖြစ်နေတတ်လို့ပါ။ ဒါကြောင့် မနက်တိုင်းလုပ်နေကျ အလုပ်တွေကနေ အပြောင်းအလဲနည်းနည်းလုပ်ကြည့်ပါ။
ဧည့်ခန်းနဲ့ အိမ်ထဲမှာ အလှချိတ်ထားတဲ့ ဓာတ်ပုံ၊ ပန်းချီကားတွေကို ပုံမှန်အတည့်အတိုင်းကြည့်တာထက် ပြောင်းပြန်ထားပြီး ပုံဖော်ကြည့်ပါ။ သင့်ဦးနှောက်က အတည့်ပုံတွေထက် ပြောင်းပြန်တွေကြည့်တဲ့အခါ ပိုအာရုံစိုက်ပြီး အလုပ်လုပ်ရပါတယ်။
အိမ်တအိမ်မှာ ထမင်းစားပွဲမှာဖြစ်ဖြစ်၊ ဧည့်ခန်းမှာဖြစ်ဖြစ် အိမ်သားတယောက်စီ ထိုင်နေကြနေရာဆိုတာ ရှိပါတယ်။ အမြဲတမ်းထိုင်နေကျ နေရာကနေ ကြည့်နေကျ အမြင်တွေကလည်း တူတူပဲမို့ ကြာလာရင် ဦးနှောက် အလုပ်မလုပ်တော့ဘဲ ဆိုင်းသွားတတ်ပါတယ်။
ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ခုံနေရာ ရွေ့ထိုင်ကြည့်ပါ။ ဒီလိုပဲ ထမင်းစားပွဲပေါ်က ဆားဘူး၊ ငရုပ်ကောင်းဘူးတွေကိုလည်း ထားနေကြနေရာ အပြောင်းအလဲလုပ်ပါ။
အနံ့တွေကလည်း သင့်ဦးနှောက် မှတ်ဉာဏ်ကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ ကော်ဖီနံ့ တမျိုးတည်း ရနေတာထက် ဖြစ်နိုင်ရင် တခြားအနံ့တွေပါ ရအောင် လုပ်ပါ။ ဗယ်နီလာ၊ ဗီတာမင်စီ၊ ပူစီနံ လိုအနံ့မျိုးကိုလည်း အနံ့ခံကြည့်ပါ။ သင်အကြိုက်ဆုံး အနံ့တမျိုးကို အိပ်ရာဘေးမှာ ထားအိပ်တာလည်း ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပါတယ်။
မနက်ဘက် ရုံးသွားတဲ့လမ်းမှာ ပတ်ဝန်းကျင်က အသံတွေ၊ အနံ့တွေကို အာရုံစိုက်နိုင်အောင် ကားတံခါးကို ဖွင့်စီး သွားကြည့်ပါ။ မှန်ပိတ်ပြီး အရုပ်ပဲမြင်နေရတာထက် အသံနဲ့အနံကိုပါ တပေါင်းတည်းမြင်ရ၊ ကြားရတာက ဦးနှောက် အာရုံခံလိုင်းတွေကို ပိုအလုပ်လုပ်စေနိုင်ပါတယ်။
စူပါးမားကတ်မှာ ဈေးဝယ်တဲ့အခါ ကိုယ်ဝယ်ချင်တခုပဲ ရွေးမဝယ်ခဲ့ပါနဲ့။ အချိန်ရရင် စင်ပေါ်က တခြားပစ္စည်း အစုံကို လိုက်ကြည့်ပါ။ တခါမှ ကိုယ်မသိလိုက်တဲ့ ပစ္စည်းတွေ၊ ကိုယ်မမြင်ခဲ့တဲ့ ပစ္စည်းတွေကို တွေ့လာပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ကို အသစ်အသစ်သော ပစ္စည်းအမျိုးအစားတွေနဲ့ မိတ်ဆက်လိုက်တာပါ။
အားလပ်ရက်မှာ အိမ်မှာ အနားယူတာထက် သင်ယူချင်တဲ့ ပညာအသစ်တွေကို အပေါင်းအသင်းတွေနဲ့အတူ စုပေါင်း လေ့လာ သင်ယူကြည့်ပါ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ဆိုရှယ်မီဒီယာမှာထက် အပြင်မှာ တွေ့ဆုံကြပါ။ ကိုယ် စားလေ့ မရှိတဲ့ အစားအသောက် အသစ်တွေကိုလည်း မကြာခဏ မြည်းစမ်းကြည့်သင့်ပါတယ်။
Ref: Reader’s Digest