နှစ်ကုန်ခါနီး ခရစ္စမတ်အကြိုနေ့ဆိုရင် ဝေးကွာနေတဲ့ မိသားစုတွေ ပြန်လည် တွေ့ဆုံကြသလို အစားအသောက်ကောင်းတွေ ချက်စားလေ့ ရှိကြပါတယ်။ ကလေးတွေကို ညရောက်ရင် ခရစ္စမတ် ဘိုးဘိုးကြီးအကြောင်း ပုံပြင်တွေပြောရင်း ခရစ္စမတ်သီချင်းတွေ နားထောင်ကာ မိသားစုအတူတူ ဖြတ်သန်းကြတဲ့ ညလေးပါ။
ဒီလို ကြည်နူးပျော်ရွှင်စရာ ပြည့်နေ့တဲ့ ခရစ္စမတ်အကြိုညရဲ့နောက်ကွယ်မှာ စိတ်ဝင်စားစရာ လေ့လာချက်တရပ် ထွက်လာခဲ့ပါတယ်။ တနှစ်လုံးမှာ နှလုံး ရုတ်တရက် ဖောက်နိုင်ခြေ အမြင့်ဆုံးနေ့အဖြစ် သတ်မှတ်လိုက်လို့ပါ။
ဗြိတိန်ဆေးပညာဂျာနယ်မှာ ဖော်ပြချက်အရ ခရစ္စမတ် အကြိုည ၁၀ နာရီ အချိန်ဟာ နှလုံး ရုတ်တရက် ဖောက်နိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ “ခရစ္စမတ် ပိတ်ရက်တွေနဲ့ ဒီကိစ္စ ဆက်စပ်နေမယ်လို့ ကျနော် ထင်တယ်။ ဖြစ်နိုင်ခြေ အမြင့်ဆုံးနေ့ကတော့ ခရစ္စမတ်အကြိုညပေါ့။ နောက် ၂ ရက်ထိလည်း စိုးရိမ်ရမယ့် အခြေအနေ ရှိတယ်” လို့ Lund တက္ကသိုလ် နှလုံးအထူးပြုပညာရှင် ဒေးဗစ် အာလင့်ချ်က ဆိုပါတယ်။
အဆိုပါလေ့လာချက်ဟာ ဆွီဒင်နိုင်ငံမှာ ၁၆ နှစ်ကြာ နှလုံး ရုတ်တရက် ဖောက်မှု မှတ်တမ်း ၂ သိန်း ၈ သောင်းကျော်ကို လေ့လာခဲ့ရာက အဖြေထွက်လာခဲ့တာပါ။ “ဒီလေ့လာချက်က အကြီးကြီးပါ။ တနိုင်ငံလုံးက ရောဂါ မှတ်တမ်းတွေကို လေ့လာပြီးမှ ထွက်လာတာမလို့ လက်တွေ့ကျပါတယ်” လို့ မစ္စတာ အာလင့်ချ်က ဆိုပါတယ်။
အခုထွက်ရှိလာတဲ့ လေ့လာချက်က ခရစ္စမတ်နဲ့ နှစ်သစ်ကူးညတွေကို ဦးတည် ဆန်းစစ်ခဲ့တာဖြစ်ပြီး ယခင် ထွက်ရှိဖူးတဲ့ လေ့လာချက်တွေမှာလည်း အားကစားပွဲနေ့တွေနဲ့ အားလပ်ရက်ပိတ်ရက်တွေမှာ အဖြစ်များတာမျိုးတွေ ရှိတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း လက်ရှိထွက်ပေါ်ခဲ့တဲ့ လေ့လာချက်မှာ ခရစ္စမတ်ပိတ်ရက်ဆိုရင် နှလုံးရုတ်တရက်ဖောက်နိုင် ခြေ ၃၇ ရာခိုင်နှုန်းလောက်ထိ ရှိတာမို့ တခြားအဖြစ်များတဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့ထက်တောင် စိုးရိမ်စရာ ပိုဖြစ်နေပါတယ်။
ဘာကြောင့် ခရစ္စမတ်အကြိုညမှာ ရုတ်တရက် နှလုံး ဖောက်နိုင်ခြေ ပိုများရတဲ့ အကြောင်းရင်းကို လေ့လာကြည့်တဲ့အခါ ပုံမှန်ထက် စိတ်ပင်ပန်း၊ လူပင်ပန်းတာကြောင့်လို့ သတ်မှတ်ကြပါတယ်။
“အကြောင်းရင်းအတိအကျကို သေချာ မသိရသေးပေမယ့် ပုံမှန်ချိန်ထက် စိတ်ပင်ပန်း၊ လူပင်ပန်းရင် ရုတ်တရက် နှလုံး ဖောက်နိုင်ခြေများလာတာ အမှန်ပါပဲ။ ဒေါသစိတ်၊ စိုးရိမ်စိတ်၊ ဝမ်းနည်းပူဆွေးမှုနဲ့ စိတ်ဖိစီးမှုတွေက နှလုံးရောဂါရဲ့ အဓိက အကြောင်းရင်းတွေပဲလေ။ အစားအလွန်အကျွံ စားမိတာနဲ့ အရက် အသောက်များတာမျိုး၊ ခရီးဝေးလာခဲ့ရတဲ့ ပင်ပန်းမှုအရှိန်တွေ ပေါင်းလိုက်တော့ ဖြစ်နိုင်ခြေပိုများသွားတာပါ” လို့ အာလင့်ချ်က ဆိုပါတယ်။
ဒါကြောင့် ခရစ္စမတ်ပိတ်ရက်တွေမှာ မိသားစုတွေ အတူ ဆုံတွေ့ဖို့၊ ပါတီကျင်းပဖို့ စီစဉ်ရတဲ့အခါ စိတ်ပင်ပန်းမခံကြဘဲ ဂရုစိုက်ကြဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။
Ref: Emma Deangela