Depression (စိတ်ဓာတ်ကျခြင်း) ဟာ လူတိုင်းမှာ ရှိတတ်ပြီး လွန်ကဲလာရင် စိတ်ကျရောဂါ ရတဲ့အထိ ဖြစ်စေပါတယ်။ လူတော်တော်များများဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တတ်ကြပေမယ့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။
ရုပ်နဲ့ နာမ် ၂ ခုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သက်ရှိ ခန္ဓာကိုယ်မှာ ရုပ်ကျန်းမာရေးလိုပဲ နာမ်ကျန်းမာရေးက အရေးကြီးတာကို သတိထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းခြင်း ဖြစ်တဲ့ Depression ဝင်တဲ့ လူတွေ ကြုံတွေ့ရမယ့် လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အတွေးလွန်ခြင်း
စိတ်ကျရောဂါ ခံစားရသူတွေ အမြဲ ဖြစ်တတ်တာကတော့ အတွေးလွန်တာပါပဲ။ ကိစ္စသေးသေးလေး ဖြစ်စေဦးတော့ “ဘာလို့ ငါ့ကျမှ ဒါမျိုးတွေ ဖြစ်ရတာလဲ ” ဆိုတာမျိုးတွေကို တချိန်လုံးတွေးနေတတ်ပြီး အတိတ်က ပြုလုပ်မိတဲ့ အမှားတွေအကြောင်းကို တွေးလိုက်၊ နောင်တရလိုက်နဲ့ တနေကုန် မလုပ်ချင်၊ မကိုင်ချင် ဖြစ်ပြီး တနေကုန် အိပ်ရာထဲ လှဲနေရရင်တောင် ပင်ပန်းနေတယ်လို့ပဲ ခံစားနေရတတ်ပါတယ်။
(၂) လူကြားထဲ သွားလိုစိတ် မရှိခြင်း
ဒီတခုက တော်တော်ဆိုးပါတယ်။ လူတွေနဲ့ စကားပြောလိုက်ရင် စိတ်ပြေလက်ပျောက်ဖြစ်မယ်ဆိုတာ သိရက်နဲ့ လူတွေကြားထဲ ရောက်သွားရင် နေရထိုင်ရ ခက်လာတာပါ။ ဒီလို ဖြစ်တာကလည်း တယောက်နဲ့ တယောက် မတူပြန်ပါဘူး။ တချို့လူတွေက လူကြားထဲသွားရမှာ ကြောက်နေပေမယ့် ရုပ်ရှင်ကို အသံအကျယ်ကြီး ကြည့်ပြီး သူ့ရဲ့ အထီးကျန်မှုှကို ဖြေဖျောက်တတ်တဲ့ အကျင့်တွေလည်း ရှိတတ်ပါတယ်။
(၃) စားသောက်လိုစိတ်
စိတ်ကျရောဂါဖြစ်သူတွေဟာ စိတ်အပြောင်းအလဲ အရမ်းမြန်ပါတယ်။ ချက်ချင်းကြီး ပျော်နေတာကနေ ချက်ချင်း ငိုလိုက်တာမျိုး၊ သူ့ရဲ့ ဘဝကြီးဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ထင်နေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ တခါတလေမှာ အစားကို တချိန်လုံးစားနေပြီး တခါတလေမှာတော့ အစားလုံးဝ မစားတာ မျိုးတွေ ပြုလုပ်တတ်လို့ အဝလွန်ခြင်းနဲ့ ပိန်လွန်းခြင်း စတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။
(၄) ကယောင်ချောက်ချားဖြစ်ခြင်း
စိတ်ကျရောဂါဖြစ်သူတွေဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် အမှန်တကယ် မရှိတဲ့ ကျန်းမာရေး ပြဿနာတွေကို အမှန်တကယ် ရှိနေတယ်လို့ ထင်မှတ်လေ့ရှိပြီး လူတွေရဲ့ ဂရုစိုက်မှုကို ရယူလေ့ ရှိပါတယ်။ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ သွားကိုက်ခြင်း စတဲ့ ရောဂါတွေ ဖြစ်နေတယ်လို့ ပြောနေပေမယ့် ခန္ဓာကိုယ်က ကျန်းမာနေတတ်ပါတယ်။ တကယ်တော့ ဒါဟာ သူတို့ရဲ့ စိတ်ကျန်းမာရေး မကောင်းတာကို ဦးနှောက်က စိတ်လွှဲလိုက်တာပဲ ဖြစ်ပါတယ်။
(၅) ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာခြင်း
ဒါကတော့ သတိထားစရာ အချက်ပါ။ စိတ်ကျရောဂါကို ခံစားနေရပြီဆိုရင် နေ့စဉ်ပုံမှန်လုပ်ဆောင်ချက်တွေကို မေ့လျော့တာမျိုး(နာမည်၊ ဖုန်းနံပါတ်) စတဲ့ အသေးအမွှားတွေကိုပါ မေ့လျော့လာတတ်ပါတယ်။ အလုပ်အမြဲ ကြိုးစားပန်းစား လုပ်နေသူတွေဆိုရင်လည်း တနေရာရာမှာ ထိုင်ပြီး ငိုင်နေတာ၊ ဘာကိုမှ ထပ်တွေးလို့ မရတော့ဘဲ အလုပ်ကနေ ပြေးထွက်သွားချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူတွေရဲ့ သဘော သဘာဝကိုက ကိုယ့်ရဲ့ အဆင်မပြေတာတွေကို ပျော်ရွှင်နေတဲ့ ပုံစံနဲ့ ဖုံးဖိထားတတ်ကြပါတယ်။ အများအမြင်မှာ ပျော်ပျော်ရွှင်ရွှင်နေနေပေမယ့် သင်ခံစားနေရတာကို သင်သာ အသိဆုံးဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ အပေါ်မှာ ပြောပြခဲ့တာတွေ အတိုင်း ဖြစ်နေပြီဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားပြီး ပြသဖို့ လိုအပ်နေပါပြီ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ တယောက်ယောက်က ဒီလိုတွေ ဖြစ်နေတယ်ဆိုရင် ဂရုစိုက်ပေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။
စိတ်ကျရောဂါဟာ မိမိကိုယ်မိမိ သတ်သေတဲ့ အထိ ပြုလုပ်နိုင်တဲ့ ရောဂါဖြစ်လို့ ပေါ့ပေါ့တန်တန်မနေကြဖို့လည်း တိုက်တွန်းချင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
Depression (စိတ်ဓာတ်ကျခြင်း) ဖြစ်စေတဲ့ အကြောင်းအရာများ
Depression (စိတ်ဓာတ်ကျခြင်း) အကြောင်း ဖွင့်ဟလာတဲ့ နိုင်ငံတကာက အနုပညာရှင်များ
Ref: healthcare