သွားကျန်းမာရေး ကောင်းမွန်ဖို့အတွက် သွားဆရာဝန်တွေက မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ဖို့အတွက် ညွှန်ကြားလေ့ ရှိပေမယ့် လူတော်တော်များများကတော့ ညဘက်မှာ သွားတိုက်အိပ်ဖို့ မေ့လျော့တတ်ကြပါတယ်။ သွားကျန်းမာရေးအတွက် မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ခြင်းဟာ အရေးကြီးတာမှန်ပေမယ့် သွားကျန်းမာရေး ပြဿနာအများစုကတော့ ညဘက် သွားမတိုက်ခြင်းကြောင့် ပိုမိုဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့်မို့လို့ ညဘက်တွေမှာ ပုံမှန်သွား မတိုက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘာကြောင့် ညဘက်မှာ သွားတိုက်ခြင်းဟာ အရေးကြီးလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) တနေ့တာလုံးမှာ စားထားတဲ့ အစားအသောက်တွေဆီက စားကြွင်းစားကျန်တွေဟာ ညဘက်သွားတိုက် မအိပ်တဲ့အခါမှာတော့ ဘက်တီးရီးယားတွေရဲ့အညစ်အကြေးတွေကနေ အက်ဆစ်ဓာတ်အဖြစ်ပြောင်းလဲသွားပြီး သွားအပေါ်ယံကြွေလွှာတွေကို ပျက်စီးစေတဲ့အပြင် သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) ညဘက် သွားတိုက်အိပ်ခြင်းအားဖြင့် ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သွားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွားကိုက်ခြင်း၊သွားဖုံးရောင်ခြင်းနဲ့ သွားကြားထဲကသွေးယိုစီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ညဘက်သွားတိုက် မအိပ်တဲ့အခါ ရေရှည်မှာ သွားမှာကျောက်တည်ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပြီး ဖယ်ရှားဖို့မလွယ်ကူတာကြောင့် သတိထားပြီး သွားတိုက်ပေးသင့်ပါတယ်။
(၃) ညဘက်တွေမှာ ခံတွင်းထဲကနေ အက်ဆစ်ဓာတ်ထုတ်လုပ်မှုဟာ ပိုမိုမြင့်တက်လေ့ရှိပြီး သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဖလိုရိုက်ကသာ အက်ဆစ်ဓာတ်ထုတ်လုပ်မှုကို လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အက်ဆစ်ဓာတ်ထုတ်လုပ်မှု လျော့ကျအောင် ညဘက်တွေမှာ သွားပုံမှန်တိုက်ပေးသင့်ပါတယ်။
(၄) တနေ့တာစားထားသမျှ စားကြွင်းစားကျန်တွေကို ပလုပ်ကျင်းရုံလောက်နဲ့တော့ ဖယ်ရှားမပေးနိုင်ပါဘူး။ သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေဟာ သွားတွေကို ပျက်စီးစေနိုင်တာကြောင့် ညအိပ်ရာ ဝင်တိုင်း သွားတိုက်ခြင်းကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
Ref: www.lybrate.com