ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်တွေ ခြောက်သွေ့စေဖို့နဲ့ ဆံပင်ပုံသွင်းတဲ့အခါ အသုံးပြုကြတဲ့ Hair Dryer ဟာ အသုံးပြုပုံနည်းလမ်း မမှန်ကန်ဘူးဆိုရင်တော့ ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Hair Dryer တွေကို ဆံသားပျက်စီးမှု မရှိအောင် နည်းစနစ်တကျ အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) အရည်အသွေးကောင်းတဲ့ Hair Dryer တွေကိုသာ ရွေးချယ်သုံးစွဲပါ
Hair Dryer တွေဟာ ရေရှည်အသုံးပြုရမယ့် ပစ္စည်းဖြစ်တာကြောင့် ရွေးချယ်ဝယ်ယူတဲ့အခါ အရည်အသွေးကောင်းတဲ့ အမျိုးအစားမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ အပူချိန် ချိန်ညှိလို့ရပြီး အပူ၊ အအေး နှစ်မျိုးလုံးရတဲ့ Hair Dryer တွေဟာ ဆံသားပျက်စီးမှုကို လျော့ကျစေမှာပဲ ဖြစ်ပါတယ်။
(၂) Hair Dryer အသုံးမပြုခင် ဆံပင်အပူ ကာနိုင်တဲ့ အဆီတမျိုးမျိုး လိမ်းပေးပါ
ဆံသားပျက်စီး ခြောက်သွေ့တာမျိုးတွေ မဖြစ်ပေါ်စေဖို့ Hair Dryer တွေ အသုံးမပြုခင် ဆံပင်အပူကာနိုင်တဲ့ သံလွင်ဆီ၊ အုန်းဆီ စတာတွေကို လိမ်းပေးသင့်ပါတယ်။
(၃) Hair Dryer တွေ အသုံးပြုတဲ့အခါ အနိမ့်ဆုံး အပူချိန်ကိုသာ ထားပေးပါ
ဆံပင်တွေ ပျက်စီးခြောက်သွေ့မှု နည်းပါးစေဖို့အတွက် Hair Dryer တွေ အသုံးပြုတဲ့အခါ အနိမ့်ဆုံးအပူချိန်ကိုသာ ထားပေးသင့်ပါတယ်။ ဒါ့အပြင် ဆံပင်တွေကို တစုတစည်းတည်း အခြောက်ခံတာထက် နှစ်ခြမ်းခွဲပြီးပဲဖြစ်ဖြစ်၊ အလွှာလိုက် တလွှာချင်း အခြောက်ခံတာမျိုးပဲ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
(၄) Hair Dryer အသုံးမပြုခင် ခေါင်းမဖြီးသင့်ပါဘူး
Hair Dryer အသုံးမပြုခင် ဘီးဖြီးခြင်းဟာ ဆံသားတွေကို ဆွဲဆန့်လိုက်သလိုမျိုးဖြစ်စေပြီးမှ အခြောက်ခံခြင်းကို ပြုလုပ်လိုက်တာဖြစ်တာကြောင့် ရေရှည်မှာ ဆံပင်ကျွတ်တာ၊ ဆံသားမွဲခြောက်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) ဆံပင်တွေကို Hair Dryer အသုံးမပြုခင် တဘက်နဲ့ ပေါင်းထားတာမျိုး မပြုလုပ်သင့်ပါဘူး
အများစုဟာ Hair Dryer အသုံးမပြုခင် ဆံပင်တွေကို တဘက်နဲ့ ပေါင်းထားလေ့ ရှိကြပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ဆံသားကို ရှုပ်ထွေးသွားစေပြီး Hair Dryer အသုံးပြုတဲ့အခါ ဆံပင်တွေပြတ်ထွက်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် တဘက်နဲ့ အချိန်ကြာကြာ ပေါင်းမထားသင့်ပါဘူး။
Ref : www.self.com