ရှုပ်ထွေးလှတဲ့ လူနေမှုဘဝမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓာတ်ကျအားငယ်မှုတွေ ခံစားရပြီး မျက်ရည်ကျ ငိုကြွေးဖူးကြမှာပါ။ ငိုလိုက်မှ စိတ်ထဲပေါ့သွားသလို ခံစားရပြီး နောက်ထပ်ကြိုးစားလိုစိတ်တွေပေါ်ပေါက်လာတဲ့ အခိုက်အတန့်တွေကိုလည်း ပိုင်ဆိုင်ဖူးကြမှာပါ။
ဆေးပညာရှင်တွေရဲ့အဆိုအရတော့ တခုခုဆို ထစ်ခနဲမျက်ရည်ကျလွယ် ငိုကြွေးတတ်သူတွေဟာ ကျန်းမာရေး ပိုမိုကောင်းမွန်လေ့ရှိတယ်လို့ ဆိုတာကြောင့် ဘာကြောင့် ကျန်းမာရေးကောင်းမွန်ရတယ်ဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ခန္ဓာကိုယ်က အဆိပ်အတောက်တွေ လျော့ကျစေတယ်
ငိုကြွေးခြင်းဟာစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ Cortisol ဟော်မုန်းကို မြင့်တက်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကိုလည်း လျော့ကျစေပါတယ်။
(၂) အမြင်အာရုံကို ပိုမိုကောင်းမွန်စေတယ်
ငိုကြွေးတဲ့အခါ ကျလာတဲ့ မျက်ရည်တွေဟာ မျက်လုံးအတွင်းသားနဲ့ မျက်ဆန်ကို သန့်စင်ပေးသလိုဖြစ်ပြီး မျက်လုံးထဲမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကိုပါ ဖယ်ရှားပေးတာကြောင့် အမြင်အာရုံကို ပိုမိုကောင်းမွန်စေတာ ဖြစ်ပါတယ်။
(၃) စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်လာစေတယ်
ငိုချင်ရက်သားနဲ့ မငိုဘဲ ထိန်းချုပ်ထားတဲ့အခါ စိတ်ခံစားချက်တွေဟာ လေးလံထိုင်းမှိုင်းလာပြီး ပျော်ရွှင်မှုတွေလည်း ပျောက်ဆုံးလာနိုင်ပါတယ်။ စိတ်ခံစားချက်တွေကို လေးလံထိုင်းမှိုင်းစွာနဲ့ သယ်ဆောင်သိမ်းဆည်းထားတာထက် လွတ်လွတ်လပ်လပ် ငိုကြွေးလိုက်ခြင်းဟာ စိတ်ရောလူပါ ပေါ့ပါးသွားစေတာဖြစ်တာကြောင့် စိတ်ခံစားချက်တွေဟာ ပိုမိုကောင်းမွန်လာတာပဲ ဖြစ်ပါတယ်။
(၄) မျက်ရည်ဟာ မျက်လုံးနဲ့ မျက်နှာပေါ်က ဘက်တီးရီးယားကို သေစေနိုင်တယ်
မျက်ရည်မှာပါဝင်တဲ့ Lysozyme ဟာ မျက်လုံးအတွင်းပိုင်းနဲ့ မျက်နှာပေါ်က ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။
(၅) စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ကာကွယ်ပေးနိုင်တယ်
ငိုကြွေးခြင်းကို ထိန်းချုပ်ထားတဲ့အခါ စိတ်ဖိစီးမှုဟာ မြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာနဲ့ အအေးမိဖျားနာချင်သလိုမျိုး ဖြစ်တာတွေကို ငိုကြွေးခြင်းက သက်သာစေနိုင်ပါတယ်။
Ref. www.medicaldaily.com