လူကြားထဲမှာ နှာခေါင်းနှိုက်တတ်သူတွေကို ညစ်ပတ်သူတွေလို့ လူအများက ထင်မှတ်တတ်ကြပေမယ့် တကယ်တော့ နှာခေါင်းနှိုက်တတ်တဲ့ အလေ့အကျင့်ဟာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်လို့ ဆေးပညာဆိုင်ရာလေ့လာသူတွေက ထုတ်ပြန်ထားကြပါတယ်။
သာမန်အားဖြင့်တော့ နှာခေါင်းနှိုက်ခြင်းဟာ နှာခေါင်းထဲကနေတဆင့် အသက်ရှုလမ်းကြောင်းထဲကို ရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်လို့ ထင်မှတ်တတ်ကြပေမယ့် ပြောင်းလဲတိုးတက်နေတဲ့ ဆေးပညာဆိုင်ရာ သုတေသနလေ့လာချက် အသစ်အသစ်တွေကြောင့် ဒီအဆိုကို ငြင်းဆိုနေနိုင်ပြီပဲ ဖြစ်ပါတယ်။
နှာခေါင်းတွင်းမှာ ရှိတဲ့ အကျိအချွဲ (နှပ်ချေး) တွေဟာ သူ့အလိုလို ထွက်လာတတ်တယ်လို့ ထင်ကြပေမယ့် လက်နဲ့ သန့်ရှင်းမဖယ်ရှားပေးဘူးဆိုရင်တော့ နှာခေါင်းအတွင်းမှာ များသထက်များလာမှာပဲ ဖြစ်ပါတယ်။ နှာခေါင်းအတွင်းက အကျိအချွဲတွေဟာ ပတ်ဝန်းကျင်လေထုထဲက ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတာကြောင့် နှာခေါင်းအတွင်းမှာ အညစ်အကြေးတွေ များလာတဲ့အခါ သန့်ရှင်းတဲ့လက် ဒါမှမဟုတ် တစ်ရှူးစက္ကူစလေးတွေကို အသုံးပြုကာ ဖယ်ရှားပေးနိုင်ပါတယ်။
ပတ်ဝန်းကျင်လေထုထဲက ဖုန်မှုန့်အညစ်အကြေးတွေနဲ့ဘက်တီးရီးယားတွေ အသက်ရှုလမ်းကြောင်းကနေတဆင့် အဆုတ်ထဲကို မရောက်ရှိရအောင် နှာခေါင်းအတွင်းက နှာရည်နဲ့ အကျိအချွဲတွေက ကာကွယ်ပေးထားတဲ့အပြင် နှာခေါင်းအတွင်းသားကိုလည်း ခြောက်သွေ့မနေစေအောင် အစိုဓာတ်ဖြည့်ပေးထားပါသေးတယ်။
နှာခေါင်းအတွင်းက နှာရည်နဲ့ အကျိအချွဲ (နှပ်ချေး) တွေဟာ တနေ့တာမှာ တလီတာခန့်ထွက်ရှိနေတာဖြစ်ပြီး အအေးမိနှာစေးဖြစ်နေတဲ့ အချိန်အခါတွေမှာဆိုရင်တော့ တလီတာထက်ပိုမိုထွက်ရှိပါတယ်။
နှာခေါင်းနှိုက်ပြီး အညစ်အကြေးတွေကို သန့်ရှင်းပေးခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်ဆိုတဲ့ အချက်ကို သုတေသီတွေဟာ များစွာသော လေ့လာတွေ့ရှိချက်တွေနဲ့ ဖော်ထုတ်ခဲ့ကြပြီး ဒါဟာ တကိုယ်ရည်သန့်ရှင်းကိစ္စမှာ မဖြစ်မနေပြုလုပ်ပေးသင့်တဲ့ အရာတခုလည်း ဖြစ်ပါတယ်။
Ref: timesofindia.com