အမျိုးသမီး ၄ ယောက်မှာ ၄ ယောက်ဟာ မီးယပ်ဆရာဝန်တွေနဲ့ တွေ့ရဖို့ကို ငြင်းလေ့ ရှိပါတယ်။ ဒီလိုငြင်းဆိုရတာတွေကလည်း မီးယပ်ဆရာဝန်ကို တွေ့ရမယ်ဆိုတာ ရှက်စရာလို့ ထင်နေကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရတဲ့ အမျိုးသမီးတွေအတွက် သိဖို့ လိုအပ်တဲ့ အမျိုးသမီးအင်္ဂါရဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အင်္ဂါဇာတ်ရဲ့ အန္တရာယ်
အင်္ဂါဇာတ် ယားယံခြင်း၊ နာကျင်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတွေ ဖြစ်ပေါ်တာဟာ ကူးစက်ရောဂါတွေ ဖြစ်ပွားလို့ ဖြစ်နိုင်ပါတယ်။ ကူးစက်ရောဂါ မဟုတ်ဘဲ အသုံးပြုနေတဲ့ ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ အမွှေးနံ့သာတွေကြောင့်လည်း အပေါ်မှာ ပြောပြခဲ့တဲ့ ယားယံခြင်း၊ နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ခြောက်သွေ့လွန်းခြင်း
အမျိုးသမီးအင်္ဂါ ခြောက်သွေ့လွန်းခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဒီလို ခြောက်သွေ့ခြင်းဟာ ဟော်မုန်းပြောင်းလဲခြင်း၊ သွေးဆုံးခြင်း၊ မီးဖွားခြင်းနဲ့ နို့တိုက်ကျွေးတဲ့ အချိန်တွေမှာ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီလိုခြောက်သွေ့မှုတွေ ဖြစ်ပွားတယ်ဆိုရင် ဆရာဝန်ရဲ့ လမ်းညွှန်ချက်ရရှိထားတဲ့ ချောဆီကို အသုံးပြုနိုင်ပါတယ်။
(၃) မှားယွင်းတဲ့ အတွင်းခံ
လှပပြီး ကျပ်တဲ့ ဖဲအတွင်းခံတွေက သင့်ကို ဆွဲဆောင်မှုရှိစေတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအတွင်းခံတွေ ဝတ်ပြီးသွားရင် အပူလောင်ခြင်းနဲ့ ပွတ်တိုက်ခြင်းတွေက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အလှအပနဲ့ ကျန်းမာရေး ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာကို သေချာဆုံးဖြတ်ပါ။ လှလည်း လှပြီး လေဝင်လေထွက်လည်း ကောင်းတဲ့ အတွင်းခံတွေကို ဝတ်ဆင်ပါ။
(၄) သန့်ရှင်းရေးလုပ်လွန်းခြင်း
အမျိုးသမီးတွေဟာ မအင်္ဂါကို မသန့်ရှင်းမှာ ကြောက်တာကြောင့် သာမန်ထက် ပိုပြီး သန့်ရှင်းတွေ လုပ်တတ်ကြပါတယ်။ ဓာတုပစ္စည်း ပါဝင်မှုများတဲ့ မအင်္ဂါသန့်ရှင်းရေး ပစ္စည်းတွေကြောင့် သင့်ကို ကူးစက်ရောဂါတွေ ဖြစ်ပွားစေပြီး မအင်္ဂါအတွင်းမှာ ရှိနေသင့်တဲ့ ဘတ်တီးရီးယားတွေကို ထိခိုက်စေပါတယ်။ ပုံမှန်ဆပ်ပြာနဲ့ ရေကိုသာ အသုံးပြုပြီး သန့်ရှင်းရေကို ပြုလုပ်သင့်ပါတယ်။
(၅) အနံ့ဆိုးထွက်ခြင်း
မိန်းမကိုယ် အနံ့ဆိုးထွက်တာဟာ စားတဲ့ အစားအသောက်နဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။ အနံ့ဆိုး အရမ်းထွက်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါပေမဲ့ တခုရှိတာက သင်စားတဲ့ အစားအသောက်တွေက နာနတ်သီး၊ သစ်ကြမ်းပိုး စတာတွေ ဖြစ်မယ်ဆိုရင်တော့ ချဉ်တဲ့ အနံ့ကို ရမှာ သဘာဝပါပဲ။ မိန်းမကိုယ်ကျန်းမာရေးဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးလိုပဲ အရေးကြီးတဲ့ အတွက် ဂရုစိုက်ဖို့နဲ့ လိုအပ်ရင် မီးယပ်အထူးကုဆရာဝန်တွေကို တွေ့ဆုံဖို့ အကြံပေးချင်ပါတယ်။
Ref;brightside