ဘယ်ရောဂါမဆို စောစောသိလေ ကုသပျောက်ကင်းနိုင်ဖို့ ရာခိုင်နှုန်းများလေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အမျိူးသမီးတွေ သတိထားသင့်တဲ့ ကင်ဆာရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပြီး ကင်ဆာရောဂါရဲ့အစောပိုင်းအဆင့် လက္ခဏာတွေလည်းဖြစ်တာကြောင့် သတိပြုစေနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ရပါတယ်။
(၁) မကြာခဏဆိုသလို လေပွနေမယ်
ဓမ္မတာ လာခါနီးတိုင်း အမျိုးသမီးတွေဟာ လေပွတာမျိုး ကြုံတွေ့ရတတ်ပြီး ရာသီလာပြီးသွားတဲ့ အချိန်တွေအပြင် မကြာခဏဆိုသလို ခံစားနေရမယ်ဆိုရင်တော့ ဒါဟာ သားဥအိမ်ကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။
(၂) ပုံမှန် မဟုတ်ဘဲ သွေးဆင်းနေမယ်
တလတခါ ပုံမှန် ဓမ္မတာလာ သွေးဆင်းတာမျိုး မဟုတ်ဘဲ ရာသီစက်ဝန်း တခုနဲ့တခုကြားမှာပါ သွေးဆင်းနေမယ်၊ သွေးဆင်းတဲ့အခါမှာလည်း သားအိမ်တဝိုက်က နာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ဒါဟာလည်း သားဥအိမ်နဲ့ သားအိမ်ကင်ဆာရောဂါမျိုး ဖြစ်နေနိုင်တာကြောင့် သွားရောက် စစ်ဆေးသင့်ပါတယ်။
(၃) နာတာရှည် ချောင်းဆိုးနေမယ်
အအေးမိဖျားနာလို့ ချောင်းဆိုးတာမျိုး မဟုတ်ဘဲ အချိန်အတော်ကြာတဲ့အထိတိုင် ချောင်းဆိုးနေမယ်ဆိုရင်တော့ အဆုတ်ကင်ဆာလို ရောဂါမျိုးဖြစ်နေနိုင်တာကြောင့် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ သွေးကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာတွေထဲမှာလည်း ချောင်းအဆက်မပြတ် ဆိုးတာမျိုး ပါဝင်တာကြောင့် မပေါ့ဆသင့်တဲ့ လက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။
(၄) အစာမျိုရ ခက်နေမယ်
လည်ချောင်းနာတာမျိုးကြောင့် အစာမျိုချရတာ ခက်ခဲတာမျိုး မဟုတ်ဘဲ အစာစားတဲ့အခါတိုင်း အစာမျိုချရခက်နေတယ်ဆိုရင်တော့ ဒါဟာ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ရဲ့ ရှေ့ပြေးလက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။
(၅) အကြောင်းရင်း မရှိဘဲ ဝိတ်ကျသွားမယ်
အစားလျှော့စားတာမျိုးနဲ့ စိတ်ဖိစီးမှု ကိစ္စတွေ မရှိဘဲ အလိုလိုနေရင်း ဝိတ်ကျသွားမယ်ဆိုရင်တော့ ဒါဟာလည်း မပေါ့ဆသင့်တဲ့ လက္ခဏာတခုပဲဖြစ်ပါတယ်။ အစားအသောက်လည်း ပျက်မယ်၊ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲနဲ့လည်း ဝိတ်ကျသွားမယ်ဆိုရင်တော့ ဒါဟာ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာစတဲ့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတမျိုးဖြစ်တာကြောင့် စစ်ဆေးကုသမှုတွေ ပြုလုပ်သင့်ပါတယ်။
Ref : www.rd.com