ဟင်းချိုနဲ့ စွပ်ပြုတ်တွေအဖြစ် ပြုလုပ်စားသုံးလေ့ ရှိကြတဲ့ ပဲနီလေးမှာ ထင်မထားလောက်အောင် များပြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပဲနီလေးကို စားသုံးပေးခြင်းအားဖြင့် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ပဲနီလေးမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ဟာ အူရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို အထောက်အကူ ဖြစ်စေပါတယ်။ အစာကြေလွယ်တဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် အစာအိမ်ရောဂါ ရှိသူတွေနဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေအတွက် အထူးသင့်တော်တဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။
(၂) ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
ပဲနီလေးကို တပတ်မှာ ၂ ကြိမ်ခန့် စားသုံးပေးခြင်းဟာ Estrogene နဲ့ Testosterone ဟော်မုန်းပမာဏကို မျှတစေတာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ပါးစေပြီး ပဲနီလေးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပါတယ်။
(၃) ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တယ်
ပဲနီလေးမှာ ပါဝင်တဲ့ သံဓာတ်ဟာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်တဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပြီး သူ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းကိုလည်း လျော့ပါးသက်သာစေပါတယ်။
(၄) အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်
ပဲနီလေးမှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ ပရိုတင်းနဲ့ သတ္တုဓာတ်တွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ချို့ယွင်းမှု ပြဿနာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။ ကလေးငယ်တွေ၊ စာသင်ကြားလေ့လာနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ စိတ်ဖိစီးမှုများသူတွေအတွက် အထူးသင့်တော်တဲ့ အစားအစာတမျိုးလည်း ဖြစ်ပါတယ်။
(၅) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ပဲနီလေးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်တွင်းက အမိုင်နိုအက်ဆစ်နဲ့ ဟိုမိုစစ်စတင်းပမာဏကို လျော့ကျစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
Ref : steptohealth.com