အသည်းဟာလည်း ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် တနိုင်ငံတည်းမှာပဲ နာတာရှည်အသည်းရောဂါနဲ့ အသည်းခြောက်တဲ့ရောဂါကို ခံစားနေရတဲ့သူ ၅ ဒဿမ ၅ မီလီယံ ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ဆိုးရွားတဲ့ အသည်းရောဂါမဖြစ်ခင် ခန္ဓာကိုယ်မှာ ပြတဲ့ ရှေ့ပြေးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အသားအရောင်
သင့်ရဲ့ အသားအရေနဲ့ မျက်လုံးတွေဟာ အဝါရောင်သန်းလာတယ်ဆိုရင် သင့်ရဲ့ အသည်းမှာ ကြီးမားတဲ့ ပြဿနာ ရှိနေပါပြီ။ အသားဝါရောဂါဟာ အသားအရေ၊ မျက်လုံးနဲ့ တံတွေးတွေကို ဝါစေပြီး ဒီလို ဖြစ်ရတာဟာ သည်းခြေ အားနည်းမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အသည်းရောင် အသားဝါဖြစ်နိုင်ချေများလို့ ဆရာဝန်ကို ချက်ချင်းပြဖို့ လိုပါတယ်။
(၂) ဝမ်းဗိုက်ရောင်ရမ်းခြင်း
ဝမ်းဗိုက်ရောင်ရမ်းခြင်းဆိုတာ ဝမ်းဗိုက်ထဲမှာ အရည်တွေ ပြည့်နေသလို ခံစားရပြီး မကြာခဏ ဝမ်းဗိုက်နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေလို ဖြစ်နေပြီး ခြေထောက်နဲ့ လက်တွေလည်း ဖောခြင်း ရောင်ရမ်းခြင်းစတဲ့ လက္ခဏာတွေကို ပြတယ်လို့ သိရပါတယ်။
(၃) ကိုယ်အလေးချိန် လျော့ကျခြင်း
အပေါ်မှာ ဖော်ပြခဲ့တဲ့ ဝမ်းဗိုက်ရောင်ရမ်းခြင်းကြောင့် သင့်ဗိုက်ထဲမှာ အစာတွေရှိနေသလိုခံစားရပြီး ဘာကိုမှ ထပ်မစားနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ စားသောက်တဲ့ အချိန်မှာလည်း နာကြင်တာကြောင့် အစားစားဖို့ ခက်တဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အစားအသောက်တွေကို မစားသောက်နိုင်တာကြောင့် အားအင်ကုန်ခမ်းခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်းတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။
(၄) အညိုအမည်းများ ဖြစ်လာခြင်း
အသည်းပျက်စီးတဲ့ အခါမှာ ပရိုတင်းထုတ်လုပ်ခြင်းဟာ ရပ်သွားတာ ဒါမှမဟုတ် ထုတ်လုပ်မှု နှေးကွေးသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကြွက်သားထုံးခြင်းဖြစ်ပေါ်လာပြီး အရေပြားပေါ်မှာ အညိုအမည်း အကွက်တွေ ပေါ်လာပါတော့တယ်။ ဒါကြောင့် အသည်းမကောင်းတဲ့ သူတွေဟာ သူများတွေထက် ပိုပြီး အမာရွတ်ဖြစ်ခြင်းနဲ့ သွေးထွက်လွယ်ခြင်းတွေ ဖြစ်ရတာပဲ ဖြစ်ပါတယ်။
(၅) ဆီးအရောင် ပြောင်းခြင်း
ဆီးအရောင်က ရေသောက်တာနည်းရင်လည်း ဝါတတ်တယ်ဆိုပေမယ့် အသည်းအားနည်းတဲ့ အခါမျိုးမှာ သာမန်ထက် ပိုပြီး ရင့်တဲ့ အရောင်ကို ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင် အရေပြားယားယံခြင်းတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတတ်တယ်ဆိုရင်တော့ သင့်အသည်း ပျက်စီးစပြုနေပြီ ဖြစ်လို့ ဆရာဝန်ဆီကို တတ်နိုင်သလောက် မြန်မြန်သွားပြဖို့ တိုက်တွန်းချင်ပါတယ်။
Ref; mmn