ကားဟွန်းတီးသံ၊ မီးစက်သံ၊ လော်စပီကာသံ စတာတွေဟာ ဆူညံသံတွေပဲဖြစ်ပြီး ဆူညံသံတွေကြောင့် နားကျန်းမာရေး ပြဿနာတွေအပြင် တခြားသော ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အသံညစ်ညမ်းမှု (Noise Pollution) ကို တော်တော်များများက မသိကြတဲ့အပြင် ဒါတွေရဲ့အကျိုးဆက်တွေအဖြစ် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သတိမထားမိကြတာကြောင့် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ပြင်းထန်လှတဲ့ ဆူညံသံတွေဟာ နားအတွင်းပိုင်းအထိကို တုန်ခါစေပြီး အကြားအာရုံကြောငယ်တွေကို သေစေနိုင်တာကြောင့် နားကျန်းမာရေးပြဿနာကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆူညံသံတွေကို တနေ့မှာ နာရီဝက်ထက် ပိုပြီး ခံစားရသူတွေဟာ ရေရှည်မှာ နားလေးတာအပြင် နားကျန်းမာရေး ပြဿနာတွေကိုပါ ခံစားရလာနိုင်ပါတယ်။
(၂) ဆူညံသံတွေဟာ အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အိပ်ရေးမဝခြင်းရဲ့အကျိုးဆက်တွေဖြစ်တဲ့ အာရုံစူးစိုက်မှု အားနည်းလာခြင်း၊ စိတ်တို ဒေါသထွက်လွယ်ခြင်းတို့နဲ့ စိတ်ဖိစီးမှုတွေကိုပါ ခံစားရစေပါတယ်။ ဆူညံသံတွေကြားမှာ ခန္ဓာကိုယ်က အိပ်ပျော်နေပေမယ့် ဦးနှောက်က အလုံးစုံကို ကြားနေရတာကြောင့် ရေရှည်မှာ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
(၃) လေ့လာမှုတွေအရ ဆူညံသံတွေနဲ့ နေ့စဉ်ထိတွေ့ခံစားနေရသူတွေဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေထက် လေဖြတ်နိုင်ခြေ ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
(၄) သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးကျန်းမာရေး ပြဿနာတွေဟာ ဆူညံသံတွေကို ထိတွေ့ခံစားရတဲ့အခါ ရောဂါဝေဒနာ ပိုမိုဆိုးရွားလာကြတဲ့အပြင် ဆူညံသံတွေ မြင့်တက်လာတာနဲ့အမျှ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေဟာလည်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
Ref : www.healthline.com