လူတိုင်းကတော့ ဝမ်းဗိုက်နာကျင်မှုတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ လေ့အောင်တာမျိုး၊ ဓမ္မတာလာတာမျိုးကြောင့် နာကျင်နေမှန်း သိရင်တော့ ကိစ္စမရှိပေမယ့် တချို့နာကျင်မှုတွေက လျစ်လျူရှုထားရင် အဆင်မပြေပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် ဝမ်းဗိုက်နာကျင်တာတွေကို ကြုံတွေ့နေရတယ်ဆိုရင်တော့ ဆရာဝန်ပြဖို့ လိုအပ်နေပါပြီ။
(၁) အချိန်ကြာမြင့်စွာ နာကျင်ခြင်း
ဘယ်လို နာကျင်မှုပုံစံပဲ ဖြစ်ပါစေဦးတော့ ဝမ်းဗိုက်နာကျင်တာက ၃ လထက် ပိုပြီး ကြာပြီဆိုရင် ဆရာဝန်ပြကို ပြသင့်ပါပြီ။ သာမန်နာကျင်တာမျိုး မဟုတ်ဘဲ ထိုးပြီးအောင့်ခြင်း၊ ဝမ်းဆက်တိုက် သွားခြင်း၊ အစားနည်းနည်း စားရုံနဲ့ ဗိုက်ဝသွားခြင်း၊ လေခံခြင်း စတာတွေ အကြာကြီးဖြစ်နေရင် ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ချေတွေ အများကြီးရှိနေပြီ ဖြစ်ပါတယ်။
(၂) အောကလီဆန်ခြင်း
တကယ်လို့ ဝမ်းဗိုက်နာကျင်တဲ့ အခါမှာ အော့အန်ခြင်းတွေ ပါလာရင် အစာအဆိပ်သင့်တာမျိုး ဖြစ်နိုင်ပြီး အဲဒါဟာ ၂ ရက်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ မပျောက်ဘူးဆိုရင်တော့ ကျွမ်းကျင်သူတွေကို ပြသသင့်ပါပြီ။ အူပိတ်ခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း၊ အစာအိမ် ပြည်တည်ခြင်းနဲ့ နှလုံးရောဂါတွေ ဖြစ်နေနိုင်လို့ ဆရာဝန်ကို ပြသဖို့ တိုက်တွန်းချင်ပါတယ်။
(၃) သွေးပါခြင်း
ဝမ်းဗိုက်နာကျင်ပြီး မစင်မှာ ဒါမှမဟုတ် အော့အန်တဲ့ အချိန်မှာ သွေးပါလာတယ်ဆိုရင်တော့ ချက်ချင်း ဆရာဝန် ပြသင့်ပါပြီ။ သတိထားရမှာ တခုက မစင်မှာ ပါလာတဲ့ သွေးဟာ အမြဲတမ်း အနီရောင် မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ အနီရင့်ရောင့် ဒါမှ မဟုတ်ဘဲ အမဲရောင်အထိ ဖြစ်နိုင်ပါတယ်။
ဒီလို သွေးပါရတာဟာ အစာအိမ်မှာ သွေးယိုခြင်း၊ ပြည်တည်ခြင်းနဲ့ အစာအိမ်ကင်ဆာတွေ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်မပြခင် သင် စားခဲ့တဲ့ အစားအစာတွေထဲမှာ ဘလူးဘယ်ရီ၊ နဂါးမောက်သီး စတဲ့ အရောင်များတဲ့ အစားအသောက်တွေကို စားမိလားဆိုတာကိုတော့ သေချာပြန်တွေးကြည့်ပါ။
(၄) ဝမ်းဗိုက် ရုတ်တရက် ထိုးအောင့်ခြင်း
ဝမ်းဗိုက် ရုတ်တရက် အရမ်းထိုးအောင့်တာမျိုးကို ကြုံတွေ့နေရတယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ကို ချက်ချင်း ပြသဖို့ လိုပါပြီ။ ချွေးစေးထွက်အောင် ဒါမှမဟုတ် အသက်ရှုရ ခက်လောက်အောင် ရုတ်တရက် ဝမ်းဗိုက်ထိုးအောင့်တယ်ဆိုရင် ကျောက်ကပ်နဲ့ သည်းခြေမှာ တခုခု ပျက်စီးနေတာဖြစ်နိုင်လို့ ဆရာဝန်ကိုသာ မြန်မြန်ပြဖို့ တိုက်တွန်းချင်ပါတယ်။
Ref ; tipandtrip