သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ညစာကို ည ၈ နာရီထက် နောက်ကျပြီးမှ စားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက အင်ဆူလင် ပမာဏကို မြင့်တက်စေတာကြောင့် အဆင့် ၂ ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေးအပေါ် တခြားသော သက်ရောက်မှု ဆိုးကျိုးတွေလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့လို့ ညစာကို ဘာကြောင့်နောက်ကျခံပြီး မစားသင့်ဘူးလဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) မှတ်ဉာဏ်ကို ထိခိုက်စေတယ်
အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ညစာကို နောက်ကျခံပြီးမှ စားသုံးခြင်းဟာ ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပြီး အရွယ် မတိုင်ခင် မှတ်ဉာဏ်ချို့ယွင်းခြင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
(၂) ကိုယ်အလေးချိန် မြင့်တက်စေတယ်
ဒီအချက်ကတော့ လူတိုင်းသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ညစာကို ည ၈ နာရီနောက်ပိုင်းမှ စားသုံးခြင်းဟာ ကယ်လိုရီတွေကို မြင့်တက်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ သတိပြုသင့်ပါတယ်။
(၃) အိပ်မက်ဆိုးတွေကို မက်စေတယ်
၂၀၁၅ ခုနှစ်မှာ ကနေဒါစိတ်ပညာရှင်တွေပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ညစာကို နောက်ကျခံပြီးမှ စားသောက်ခြင်းဟာ အိပ်စက်ခြင်း စက်ဝန်းအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီသုတေသနအတွက် လူပေါင်း ၄၀၀ ခန့်ကို စမ်းသပ်စစ်ဆေးပြီးမှ အတည်ပြုခဲ့တာဖြစ်ပြီး ညစာကို နောက်ကျမှ စားသောက်ခြင်းဟာ အိပ်စက်ရ ခက်ခဲစေသလို အိပ်ပျော်သွားတဲ့အခါမှာလည်း အိပ်မက်ဆိုးတွေကို မက်စေနိုင်တယ်လို့ ဆိုပါတယ်။
(၄) အစာမကြေ ဖြစ်စေတယ်
ညဘက်တွေမှာ နောက်ကျပြီးမှ အစာစားခြင်းဟာ အစာခြေဖျက်ခြင်းစနစ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာခြေဖျက်ရခက်တာကြောင့် ညဘက်တွေမှာ ရင်ပူရင်ဆာဖြစ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) Heart Attack ဖြစ်ပေါ်ခြင်းကို မြင့်တက်စေနိုင်တယ်
ည ၈ နာရီနောက်ပိုင်းမှ ညစာစားခြင်းဟာ Heart Attack ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အရွယ်ရောက်ပြီးသူ ၇၀၀ ခန့်ကို သုတေသနလေ့လာချက်တွေပြုလုပ်မှုအရ ညစာကို နောက်ကျမှ စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပြီး Heart Attack ဖြစ်ပေါ်ခြင်းကိုလည်း မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။
Ref : www.telegraph.co.uk