လေ့လာသူတွေရဲ့အဆိုအရ ၉၂ ရာခိုင်နှုန်းသော လူအများစုဟာ သူတို့ဘဝတလျှောက်မှာ အနည်းဆုံးတကြိမ်တခါတော့ ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတတ်ကြတယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ အမှန်တကယ် မဟုတ်မှန်း၊ ရုပ်ရှင် တင်ဆက်ရိုက်ကူးသူရဲ့ ဖန်တီးတင်ပြမှုတွေသာဖြစ်မှန်းကို သိကြပေမယ့် ဝမ်းနည်းစရာ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်လာတဲ့အခါမှာတော့ ရုပ်ရှင်ကြည့်ရှုသူတွေဟာ ဝမ်းနည်း မျက်ရည် ကျတတ်ကြပါတယ်။
ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျသူတွေကို စိတ်အားငယ်တတ်သူ၊ စိတ်ဓာတ်ပျော့ညံ့တတ်သူတွေရယ်လို့ လူအများက လှောင်ပြောင် ထင်မြင်တတ်ကြပေမယ့် ဒါဟာ စိတ်အားငယ်မှုကို ဖော်ပြတာ မဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်ခံစားမှု အားကောင်းခြင်းကို ဖော်ညွှန်းနေတာသာ ဖြစ်ပါတယ်။
လူတွေရဲ့ ဦးနှောက်မှာ အမှန်တကယ် လက်တွေ့ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေနဲ့ ရုပ်ရှင်ထဲက အကြောင်းအရာတွေကို ခွဲခြားနိုင်စွမ်းရှိတာ မှန်ပေမယ့် ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မျောပါခံစားနေတဲ့ အခိုက်အတန့်မှာ ထွက်ရှိလာတဲ့ oxytocin ဆိုတဲ့ ဓာတ်တမျိုးကြောင့် မျှဝေခံစားလိုစိတ်တွေ ပိုမိုအားကောင်းလာတာပဲ ဖြစ်ပါတယ်။
တချို့သောသူတွေကတော့ ရုပ်ရှင်ဇာတ်လမ်းထဲမှာ စီးမျောခံစားပြီး ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းအကြောင်းအရာတွေကြောင့် စိတ်ထိခိုက်ခံစားကြရပေမယ့် မျက်ရည်ကို ထိန်းချုပ်ထားတတ်ကြပါတယ်။ မျက်ရည်ကျလိုက်ရမယ့်အစား စိတ်ခံစားချက်တွေကို ချုပ်တည်းထားပြီး တစုံတခုသော အပြုအမူမျိုးနဲ့ ပြောင်းလဲလိုက်ခြင်းဟာ ရေရှည်မှာ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့လည်း စိတ်ပညာရှင်တွေက ဆိုပါတယ်။
ရုပ်ရှင်ကြည့်ရင်း ငိုကြွေးမျက်ရည်ကျတတ်သူတွေဟာ အရာရာကို တခြားသူတွေနဲ့ထပ်တူမျှဝေခံစားတတ်ကြတဲ့အပြင် ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူတွေလည်း ဖြစ်ကြတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြပြီး ရင်းနှီးပွင့်လင်းသူတွေဖြစ်ကြတာကြောင့် စိတ်ခံစားမှုတွေကို ထိန်းချုပ်မထားတတ်သူတွေလည်း ဖြစ်ကြပါတယ်။
တကယ်လို့ သင်ဟာ ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတတ်သူတဦးဆိုရင်တော့ သင့်ခံစားချက်တွေကို တခြားသူတွေကို ဂရုစိုက်ပြီး ထိန်းချုပ်နေမယ့်အစား လွတ်လွတ်လပ်လပ် ဖွင့်ချလိုက်ခြင်းက စိတ်ကျန်းမာရေးကို ကောင်းမွန်စေမှာလည်း ဖြစ်ပါတယ်။
Ref : www.littlethings.com