ကမ္ဘာတဝှမ်းလုံး AIDS အမြင့်ဆုံး ပျံ့နှံ့နေတဲ့ နိုင်ငံတွေကတော့ ဆွာဇီလန်၊ လီဆိုသိုနဲ့ ဘော့ဆွာနာ နိုင်ငံတွေပါ။ ဆွာဇီလန်နိုင်ငံမှာ နေထိုင်တဲ့လူဦးရေ ၂၇ ဒဿမ ၂၀ ရာခိုင်နှုန်းဟာ AIDS ဝေဒနာရှင်တွေပါ။ ဒါကြောင့်လည်း ဆွာဇီလန်နိုင်ငံ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ AIDS ရောဂါ ကူးစက်ပျံ့ ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံ တနိုင်ငံပါ။
ဆွာဇီလန်နိုင်ငံရဲ့ AIDS ရောဂါ ကူးစက် ပြန့်ပွားမှုနှုန်း မြင့်မားနေရတဲ့ အကြောင်းတချက်ကတော့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုမှု နည်းပါးနေရတဲ့ အတွက်ပါ။ နောက်အကြောင်း တချက်ကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ အတွက်ပါ။
ဆွာဇီလန်နိုင်ငံမှာ AIDS ဖြစ်နေကြသူအများစုက အမျိုးသမီးတွေပဲဖြစ်ပါတယ်။ ဆွာဇီလန်နိုင်ငံရဲ့ ၃၁ ရာခိုင်နှုန်းသော အမျိုးသမီးတွေက AIDS ဝေဒနာရှင်တွေဖြစ်ပြီး အမျိုးသား ၂၀ ရာခိုင်နှုန်းကလည်း AIDS ဝေဒနာရှင်တွေပါ။
ဆွာဇီလန်နိုင်ငံရဲ့ အမျိုးသမီးအများစုမှာ AIDS ရောဂါကူူးစက်နေရတဲ့ အကြောင်းကတော့ လိင်အကြမ်းဖက်ခံရမှု၊ မိန်းမ အများအပြားယူမှုနဲ့ အသက်ကြီးသူတွေနဲ့ စောစော အိမ်ထောင်ပြုမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆွာဇီလန်နိုင်ငံရဲ့ အမျိုးသမီးအများစုဟာ AIDS ရောဂါ ကူးစက်ခံရမှုကို အမြင့်ဆုံးခံစားနေရပါတယ်။
နောက်ထပ် AIDS ဝေဒနာကို အမြင့်ဆုံးခံစားနေရတဲ့ နိုင်ငံ တနိုင်ငံကတော့ လီဆိုသိုနိုင်ငံပါ။ လီဆိုသိုနိုင်ငံ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ AIDS ရောဂါ ကူးစက်ခံနေရပါတယ်။ ကူးစက်ခံနေရတဲ့ အကြောင်းတချက်ကတော့ ဆင်းရဲမွဲတေမှုကြောင့်ပါပဲ။ ဆင်းရဲတဲ့ တိုင်းပြည်တွေထဲမှာဆိုရင် AIDS ရောဂါကူးစက်ခံနေရတဲ့ နှုန်းမှာ လီဆိုသိုနိုင်ငံက တတိယနေရာက ရှိနေပါတယ်။
အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာ AIDS ကူးစက်ခံရမှုနှုန်းက အမြင့်ဆုံးဖြစ်ပြီး အဲဒီအမျိုးသမီး အများစုကလည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့အတွက်ကြောင့် ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေရသူတွေပါ။
ပညာရေး ချို့တဲ့သလို ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးနေတဲ့အတွက်ကြောင့် လီဆိုသိုနိုင်ငံဟာ AIDS ကူးစက်ခံနေရတဲ့ နိုင်ငံတွေထဲမှာ နိုင်ငံ တနိုင်ငံအနေနဲ့ ပါဝင်နေသလို မိခင်ကနေ ကလေးဆီကို AIDS ကူးစက်ခံရမှုနှုန်းက မြင့်မားနေပါတယ်။
နောက်ထပ် AIDS ရောဂါ အမြင့်ဆုံးခံစားနေရတဲ့ နိုင်ငံတနိုင်ငံကတော့ ဘော့ဆွာနာနိုင်ငံပါ။ ဘော့ဆွာနာနိုင်ငံ လူဦးရေ ၂၁ ဒဿမ ၉၀ ရာခိုင်နှုန်းဟာ AIDS ဝေဒနာ ခံစားနေရပါတယ်။ အများဆုံး ကူးစက်ခံစားနေတဲ့ လူတွေကတော့ အမျိုးသမီးတွေဖြစ်ပြီး အများစုကတော့ အမျိုးသမီး လိင်လုပ်သားတွေပါ။
ဘော့ဆွာနာနိုင်ငံကလည်း ဆွာဇီလန်နိုင်ငံလိုပါပဲ။ အရွယ်ရောက်ပြီးတဲ့ လူဦးရေ အများစုမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ အများစုက AIDS ရောဂါ ကူးစက်ခံနေရပါတယ်။ ဘော့ဆွာနာနိုင်ငံရဲ့ အမျိုးသမီ းအများစုမှာ AIDS ရောဂါဖြစ်ပွားနေရတဲ့ အကြောင်းတွေထဲမှာ အတင်းအဓမ္မ လက်ထပ်ခိုင်းတဲ့အကြောင်း တချက်လည်း ပါဝင်ပါတယ်။
နောက်ထပ် AIDS ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံတနိုင်ငံကတော့ တောင်အာဖရိကနိုင်ငံပါ။ တောင်အာဖရိကနိုင်ငံ လူဦးရေ ၁၈ ဒဿမ ၉၀ ရာခိုင်နှုန်းဟာ AIDS ရောဂါ ကူးစက်ခံနေရပါတယ်။ အဲဒီ အကြောင်းတွေထဲမှာ ပညာရေးနှိမ့်ကျမှုက အဓိက အကြောင်းတချက်အနေနဲ့ ပါဝင်ပါတယ်။ AIDS ရောဂါ ကူးစက်ခံနေရသူ အများစုကလည်း အသက် ၄၀ အောက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါ။
နောက်ထပ် AIDS ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေကတော့ ဇင်ဘာဘွေ၊ မိုဇမ်ဘစ်၊ မာလာဝီ၊ အိုင်ဗရီကိုစ့်၊ နိုင်ဂျီးရိးယား၊ ရဝမ်ဒါ၊ ကွန်ဂိုနဲ့ ကင်ညာနိုင်ငံတို့ပါပဲ။
Ref : worldatlas