Health

အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ ပြုလုပ်လေ့ရှိတတ်ကြတဲ့ အမှားများ

အကိုက်အခဲပျောက်ဆေးဆိုတာဟာ လူတော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်နေကျ ဆေးဝါးတမျိုးလို့တောင် ပြောလို့ရပါတယ်။ ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာနဲ့ ကြွက်သားတွေနာကျင်ကိုက်ခဲတဲ့အခါမျိုးတွေမှာ အကိုက်အခဲပျောက်ဆေးတွေကို လွယ်လွယ်ကူကူပဲ သောက်သုံးတတ်ကြပြီး ဒီလိုသောက်သုံးတဲ့အခါမှာ အခုဖော်ပြပေးမယ့် အမှားမျိုးတွေကို ပြုလုပ်လေ့ရှိတတ်ကြပါတယ်။

(၁) လိုအပ်တာထက်ပိုပြီး သောက်သုံးတတ်ခြင်း

လူအများစုဟာ အကိုက်အခဲပျောက်ဆေးသောက်သုံးတဲ့အခါ မိမိသဘောနဲ့မိမိ ဆေးအလုံးရေကို ပိုမိုသောက်သုံး တတ်ကြပါတယ်။ ရောဂါမြန်မြန်ပျောက်ကင်းချင်တာကြောင့် ဆေးအလုံးရေပမာဏကို လိုအပ်တာထက်ပိုပြီး သောက်သုံးခြင်းဟာ ရေရှည်မှာ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၂) မိမိသဘောနဲ့ အကိုက်အခဲပျောက်ဆေးတွကို မကြာခဏဆိုသလို သောက်သုံးတတ်ခြင်း

ဘယ်လိုဆေးအမျိုးအစားမဆို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးတာကတော့ အကောင်းဆုံးပါပဲ။ သင့်အနေနဲ့ အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏဆိုသလို သောက်သုံးခြင်းဟာ အစာအိမ်နာခြင်း၊ အစာအိမ်ရောင်ခြင်း တွေကို ဖြစ်ပေါ်စေတဲ့အပြင် အကိုက်အခဲပျောက်ဆေး အများစုမှာပါဝင်တဲ့ Codeine ဟာ ကိုက်ခဲနာကျင်ခြင်းတွေကို ခဏတာသာ သက်သာစေပြီး ပြန်လည်ဖြစ်ပေါ်စေနိုင်တာကြောင့် မကြာခဏဆိုသလို မိမိသဘောနဲ့ မသောက်သုံး သင့်ပါဘူး။

(၃) တခြားသူတွေ သောက်တဲ့ ဆေးပမာဏအလုံးရေအတိုင်း လိုက်သောက်ခြင်း

လူတယောက်နဲ့တယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ အနည်းငယ်ခြားနားသလို ကိုယ်ခံအားစနစ်ဟာလည်း မတူညီပါဘူး။ မိမိရောဂါဝေဒနာနဲ့ကိုက်ညီတဲ့ ပမာဏကို ဆရာဝန်အညွှန်းအတိုင်း သောက်သုံးပေးခြင်းက အထိရောက်ဆုံးဖြစ်ပြီး တခြားသူသောက်တဲ့ ဆေးပမာဏအတိုင်း သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွင်းပိုင်းက ကျောက်ကပ်၊ အသည်း၊ အူနဲ့ အစာအိမ်တို့ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

Ref. www.netdoctor.co.uk

Loading