“စိတ်ထောင်းကိုယ်ကြေ” ဆိုတဲ့ စကားပုံလိုပဲ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာကိုယ်ကျန်းမာရေးဟာ ဆုတ်ယုတ်လာတတ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးဟာ ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုများတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) မကြာခဏခေါင်းကိုက်ခြင်း
အအေးမိဖျားနာတာမျိုးနဲ့ အိပ်ရေးပျက်တာတွေကြောင့်မဟုတ်ဘဲ မကြာခဏဆိုသလို ခေါင်းကိုက်နေမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေ များနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုတေသနလေ့လာချက်တွေအရ စိတ်ဖိစီးမှုများခြင်းဟာ မကြာခဏခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
(၂) ကိုယ်အလေးချိန်မြင့်တက်လာခြင်း
စိတ်ဖိစီးမှုများခြင်းဟာ Emotional Eating (စိတ်ခံစားမှုကြောင့် အလွန်အကျွံအစားစားခြင်း) ကိုဖြစ်စေတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်လာစေနိုင်ပါတယ်။
(၃) ဝက်ခြံထွက်ခြင်း
အသားအရေဆိုင်ရာ ပြဿနာတခုဖြစ်တဲ့ ဝက်ခြံထွက်ခြင်းဟာဆိုရင်လည်း စိတ်ဖိစီးမှုများခြင်းနဲ့ ဆက်စပ်နေပြီး စိတ်ဖိစီးမှုများတာဟာ ဝက်ခြံတွေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့လည်း လေ့လာမှုတွေအရ သိရပါတယ်။
(၄) အသက်ရှုရခက်ခဲခြင်း
စိတ်ဖိစီးမှုများတဲ့အခါ Histamine ဆိုတဲ့ ဓာတုဒြပ်ပေါင်းတမျိုးထွက်ရှိလာပြီး Histamine ဟာ အသက်ရှုရခက်ခဲ့ခြင်းနဲ့ ပန်းနာရင်ကျပ်လို ရောဂါမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတာနဲ့အမျှ ပမာဏဟာပိုမိုမြင့်တက်လာပြီး ဓာတ်မတည့်မှုအပါအဝင် အသက်ရှုကြပ်ခြင်းတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
စိတ်ဖိစီးစရာတွေများလာတဲ့အခါ ကြွက်သားတွေနဲ့ ပုခုံး၊ခါး စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ နာကျင်ကိုက်ခဲမှုကို ခံစားရတတ်ပါတယ်။ လေ့လာမှုတွေအရဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်နာကျင်ကိုက်ခဲမှု တွေထဲမှာ စိတ်ဖိစီးမှုဟာလည်း တခုအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။
Ref : www.healthline.com