စားသောက်ကုန်များ အပြန်အလှန် ကူးလူးရောင်းချမှု ရှိသည့် အိမ်နီးချင်း နိုင်ငံများတွင် ပျံ့နှံ့နေသော အာဖရိက ဝက် အပြင်းဖျား ရောဂါ မကူးစက်စေရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာန ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းမော်က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ မင်းသိန်းမော်က“အဖရိက ဝက်အပြင်းဖျားရောဂါက ကမ္ဘာပေါ်မှာ ကာကွယ်ဆေး မရှိဘူး။ ဖြစ်တယ်ဆိုရင် တော့ သေတာများတယ်။ သူ့ကိုကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကသာလျှင် အကောင်းဆုံးပေါ့။ တရား မဝင် ကိစ္စတွေ တားမြစ်မယ်။ ရောဂါဖြစ်ပွားတယ်လို့ သံသယရှိတဲ့ နိုင်ငံတွေက ထွက်ကုန်တွေကို ယာယီတားမြစ်မယ်။ အဲဒါတွေနဲ့ပဲ ကြိုတင်တားဆီးတယ်”ဟု ပြောပြသည်။
ရောဂါရောက်ရှိလာပါက ချက်ချင်း ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး ထိန်းချုပ်နိုင်ရန် သဏ္ဍာန်တူ လေ့ကျင့်ခန်းများ ပြုလုပ် ခြင်း၊ ရောဂါရှာဖွေ ဖော်ထုတ်ပေးနိုင်ရန် ဓာတ်ခွဲခန်းများတွင် လိုအပ်သည့် လူနှင့် စက်ကိရိယာများ တိုးမြှင့် နေရာချထားခြင်းများ ပြုလုပ်လျက် ရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ကာကွယ်ဆေး ထုတ်လုပ်ရေး နှင့် ရောဂါ ထိန်းချုပ်ရေး ဌာနခွဲမှ သိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျား ရောဂါပိုးကို မတွေ့ရှိသေးသည့် အတွက် မဖြစ်ပွားသေး ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဆိုသည်။
ဒေါက်တာ မင်းသိန်းမော်က“ဒီ နိုင်ငံထဲမှာတော့ မတွေ့သေးဘူး။ လောလောဆယ် ထိတောင် ကျနော်တို့ သံသယ ရှိတဲ့ ဝက်ရောဂါနဲ့ သေဆုံးတယ်ဆိုရင် ဓာတ်ခွဲခန်းနမူနာ ပစ္စည်းတွေ စစ်ဆေးတဲ့ အခါမှာတော့ အဲဒီရောဂါကို မတွေ့ရှိ သေး ပါဘူး။ မဖြစ်ပွားသေးပါဘူး”ဟု ဆိုသည်။
အဆိုပါ အာဖရိက ဝက်အပြင်းဖျား ရောဂါသည် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ် နိုင်ငံတို့တွင် ပျံ့နှံ့ကူးစက်လျက် ရှိသဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ မလာစေရန် ဝက်နှင့် ဝက်ထွက် ပစ္စည်းများ တင်သွင်းမှုကို တင်းတင်း ကြပ်ကြပ် ပိတ်ပင် တားမြစ်လျက် ရှိသည်။
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားလျက် ရှိသော နိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက် ပစ္စည်းများ ဖြစ်သည့် ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက် ပစ္စည်းများ ကို နယ်စပ် ဂိတ်ပေါက်များ၊ လေဆိပ်၊ ရေဆိပ်များမှ သယ်ယူခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန် ယာယီ တားဆီး ပိတ်ပင်ထားခြင်း ဖြစ်သည်။
ဒေါက်တာ မင်းသိန်းမော်က“ဒါသည် တိရစ္ဆာန်မှ တဆင့် လူကို ကူးစက်တဲ့ ပိုးအမျိုးအစားထဲမှာ မပါဘူး။ ဒီရောဂါဖြစ် တဲ့ ဝက်အသားကြောင့် လူတွေကို ကူးတယ် ဆိုတာမျိုး လုံးဝမရှိဘူး။ ဝက်အချင်းချင်းပဲ ကူးတာ။ ကျန်းမာတဲ့ ဝက်သား စားတာတော့ အကောင်းဆုံး။ တိရစ္ဆာန်တွေမှာ ဖြစ်တယ် ဆိုရင် ဘက်တီးရီးယား ရောဂါတွေ တွဲပါတဲ့အတွက် ဒီအသား က ပိုးတွေ မသေဘူး ဆိုရင် မူလ ရောဂါပိုးကြောင့် ဘာမှမဖြစ်ပေမယ့် တခြား ပိုးတွေကြောင့်တော့ နောင် တချိန်မှာ မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်တာပေါ့”ဟု ပြောဆိုသည်။
ထိုကဲ့သို့ တားဆီး ပိတ်ပင်မှုနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်သွားရန်ကိုလည်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီကလည်း ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က“တိရစ္ဆာန် မွေးမြူ ရေး နဲ့ ကုသရေး ဦးစီးဌာနက ဝက်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်မလာဖို့ အကြောင်းကြားထားတာ။ သယ်တာက နည်းပါတယ် မရှိဘူး။ ဒါပေမယ့် ကြိုပြီး သယ်မလာအောင် အကြောင်းကြားထားတာ။ ရေဆိပ်၊ လေဆိပ် ကုန်းလမ်း အကုန်အကြောင်း ကြားတာ။ ဝက်အူချောင်း တို့က များသောအားဖြင့် တရုတ်နဲ့ ထိစပ်နေတဲ့ မူဆယ်တို့ ဘာတို့ အောက်လမ်းက လာတာ များတယ်။ လေကြောင်းလိုင်းက လာတာ နည်းပါတယ်”ဟု ပြောသည်။
ဝက်များကို ကူးစက် ပျံ့နှံ့ သေဆုံးစေနိုင်သည့် အာဖရိက အပြင်းဖျား ဆိုသည့် ဗိုင်းရပ်စ် တမျိုးသည် ယခင်က အာဖရိ က တိုက်တွင် တွေ့ရာမှ တဖြည်းဖြည်း ပျံ့နှံ့လာပြီး တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတချို့သို့ ရောက်ရှိလာ ကြောင်း ဒေါက်တာ မင်းသိန်းမော်က ဆိုသည်။
“ဒီဗိုင်းရပ်စ်ရဲ့ ထူးခြားချက်က ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေ ဖြစ်တဲ့ ဝက်အူချောင်းတို့ အေးခဲဝက်သားတို့ တခြား ဆက်စပ် ပစ္စည်းတွေ၊ ရောဂါဖြစ်ခဲ့တဲ့ အသားဖြစ်ရင်ရော လနဲ့ ချီပြီးတော့ အသက်ရှင်ပြီး ပါလာနိုင်တယ်။ အဲဒါကြောင့် တရားမဝင် တင်သွင်းတဲ့ ကိစ္စတွေနဲ့ အဓိက ရောဂါဖြစ်ပွားတဲ့ ၃ နိုင်ငံပေါ့၊ တရုတ်၊ မွန်ဂိုလီယား၊ ဗီယက်နမ် နိုင်ငံတွေ က ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေကို တရားမဝင် တင်သွင်းတာတွေကို ကန့်သတ်ပိတ်ပင်တဲ့ သဘောကို ပြောတာ”ဟု ၎င်း က ပြောဆိုသည်။
အာဖရိက ဝက်အပြင်းဖျား ရောဂါဖြစ်သည့် ဝက်သည် အတွင်းပိုင်းတွင် သွေးယိုစိမ့်မှု ဖြစ်ပြီး အရေပြားတွင် အပြာကွက် အစက် အပျောက်များ ဖြစ်ခြင်း၊ နားရွက်ပြာခြင်း အပြင် ဒူးဆစ်ယောင်ယမ်းခြင်းနှင့် အရေပြားပေါ်တွင် အနာဖေးများ ဖြစ်ပေါ်ပြီးနောက် သေဆုံးကြောင်း သိရသည်။