ကြက်ဥတလုံးရဲ့ ကျန်းမာရေးအာဟာရတန်ဖိုးတွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်းအတော်ကြာအောင် ကောင်းသည်၊ ဆိုးသည် လေ့လာခဲ့ကြပြီး ရလဒ်တွေလည်း အမျိုးမျိုးထွက်ရှိခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့ လေ့လာ ချက်တရပ်မှာတော့ တပတ်ကို ကြက်ဥ ၃လုံးထက် ပိုစားတဲ့သူတွေဟာ နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံး နိုင်ခြေပိုမြင့်မားစေတယ်လို့ ဖော်ထုတ်လိုက်ပါတယ်။
သုတေသီအဖွဲ့ကိုဦးဆောင်ခဲ့တဲ့ ဗစ်တာဇွန်းကတော့ “ကြက်ဥဆိုတဲ့နေရာမှာ ကိုလက်စထရောတက်စေတဲ့ အဓိ ကတရားခံကတော့ အနှစ် ပေါ့ဗျာ။ ကြက်ဥပုံမှန်အရွယ် တလုံးတည်းမှာတောင် ကိုလက်စထရော ၁၈၆ မီလီ ဂရမ်ရှိတယ်” လို့ဆိုပါတယ်။ ဒီလေ့လာချက်ရလဒ်ကို JAMA ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါသုတေသနလုပ်ငန်းကို အမေရိကန်ရှိ လေ့လာရေးအဖွဲ့ ၆ ဖွဲ့စုပေါင်းအဖြေရှာခဲ့ပြီး လူပေါင်း ၂ သောင်း ၉ ထောင်ကျော်ကို ၁၇ နှစ်ခွဲကြာ စုံစမ်းမှုပြုလုပ်ခဲ့တာပါ။ လေ့လာချက်အတွင်း နှလုံးကြွက်သားဆိုင်ရာရောဂါ ပေါင်း ၅ ထောင့် ၄ ရာကျော် ဖြစ်ပွားခဲ့ပါတယ်။
နေ့စဉ် ကိုလက်စထရောပမာဏ ၃၀၀ မီလီဂရမ်စားမိရုံနဲ့တင် မစားတဲ့သူထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃ ဒဿမ ၂ ရာခိုင်နှုန်း ပိုမြင့်မားစေပြီး၊ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၄ ဒဿမ ၄ ရာခိုင်နှုန်းထိရှိတယ်လို့ ရလဒ်ပမာ ဏတွေကို ဖော်ပြခဲ့ပါတယ်။ တနေ့ကို ကြက်ဥတခြမ်းစားရင်တောင် နှလုံးရောဂါ ၁ ဒဿမ ၁ ရာခိုင်နှုန်း၊ အရွယ် မတိုင်ခင် သေဆုံးနိုင်ခြေ ၁ ဒဿမ ၉ ရာခိုင်နှုန်းထိရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
အရင်က ထွက်ပေါ်ခဲ့တဲ့ရလဒ်တွေမှာတော့ တခြားဆက်စပ်နေတဲ့အခြေအနေတွေကိုပါ မလေ့လာခဲ့တာကြောင့် ယခုလေ့လာချက်နဲ့ ကွဲပြားခဲ့တာဖြစ်နိုင်တယ်လို့ ဇွန်းက ဆိုပါတယ်။ ရောဂါခံစားရတာဟာ ကြက်ဥအစား များခြင်း တခုတည်းကြောင့်မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထ ရောများတဲ့ အသင့်စားအစာတွေကြေင့်ပါ ကျန်းမာရေးဆိုးကျိုးကို ပိုခံစားရတာပါ။
“ကြက်ဥရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်း ပြောရမယ်ဆိုရင် သူနဲ့ဆက်စပ်နေတဲ့ တခြားကိုက်လက်စထ ရောမြင့်တဲ့ အစားအစာတွေ စားလေ့ရှိတဲ့ စားသောက်မှုပုံစံတွေပါ ပြောင်းဖို့လိုအပ်ပါတယ်။ ဒါမှလည်း နှလုံး နဲ့ဆက်စပ်နေတဲ့ ရောဂါဖြစ်နိုင်ခြေ လျော့ကျသွားမှာပါ” လို့ ဇွန်းက ဆိုပါတယ်။
ဗြိတိသျှနှလုံးဖောင်ဒေးရှင်းရဲ့ အာဟာရပညာရှင် ဗစ်တာတေလာကတော့ “ဒီလေ့လာချက်က အကျိုးသင့်အကြောင်းသင့်တာထက် ကြက်ဥနဲ့ နှလုံးရောဂါ ဆက်စပ်နေတာကိုပဲ ဖော်ပြခဲ့တာပါ။ ဘာကြောင့် ဒီလိုဆက်နွှယ်နေရ ခြင်းရဲ့ အသေးစိတ်အကြောင်းအရာကို သိရဖို့ဆိုရင် နောက်ထပ်လေ့လာချက်တွေ လိုအပ်နေပါသေးတယ်” လို့ အကြံပြုပါတယ်။
“ကြက်ဥဆိုတာ အာဟာရတန်ဖိုးမြင့်တဲ့ အစားအစာတခုပါ။ ဒီလေ့လာချက်က ကျနော်တို့စားသင့်ပမာဏကိုပဲ အဓိကထား လေ့လာခဲ့တယ်လို့ထင်ပါတယ်။ ဘယ်လိုချက်ပြုတ်ပြင်ဆင်သင့်တယ်၊ ဘယ်လိုတွေလုပ်ရင် အာဟာရကောင်းကျိုးများ မယ်ဆိုတာလည်း အရေးကြီးမယ်လို့ထင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက် မှုပုံစံဆိုတာ အားလုံးကိုမျှတအောင် စားဖို့ပဲ” လို့ ဆိုပါတယ်။
Ref: CNN